ဒေသအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ တိုင်းရင်းသားများ စာတမ်းအတွက်ပြင်ဆင်ချိန်မရ

သျှမ်းပြည်နယ်အစိုးရမှ ဦးဆောင်ကျင်းပသော ဒေသအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ၌ စာတမ်း များ တင်သွင်းရန် နိုင်ငံရေးပါတီများ ၊ တိုင်းရင်းသားလက်နက်ကိုင်များဘက်မှ စာတမ်းပြုစုရန်အတွက် ကြိုတင်ပြင်ဆင်ချိန်မရကြောင်း သိရသည်။

“နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနမှ ငြိမ်းချမ်းရေးကော်မရှင်ကနေတစ်ဆင့် ဒီဆွေးနွေးပွဲကို ကျင်းပဖို့ကျနော်တို့ကို ညှိနှိုင်းလာပါတယ်၊ သျှမ်းပြည်နယ်အစိုးရမှ ဦးဆောင်ပြီးတော့ ကော်မရှင် တွေဖွဲ့ပါတယ်။ ရတဲ့ အချိန်လေးပေါ်မှာ ကျနော်တို့အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ပါတယ် ၊ ကျနော်တို့ကို အကြောင်းကြား လာ တာက ဧပြီ ၁၉ ရက်နေ့ ၊ ကျနော်တို့ ချက်ချင်းစီစဉ်တယ်၊ အလွှာစုံအောင်တော့ အတတ်နိုင်ဆုံး စီစဉ်ပါ တယ်၊ ကျန်ခဲ့တာလည်းရှိကောင်းရှိမယ်” ဟု သျှမ်းပြည်နယ် လူမှုရေးဝန်ကြီးဌာန ဒေါက်တာမျိုးထွန်း ကပြော သည်။

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ဒေသအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ဧပြီ ၂၃ ရက်မှ ၂၅ ရက်နေ့ထိ သုံးရက်သာ ပြုလုပ်သွားမည်ဖြစ်သည်။

တောင်ကြီးမြို့နယ် ကျားခေါင်းပါတီ၏ အတွင်းရေးမှူး နန်းမြဦး က “ ကျမဆိုရင် ခုချိန်ထိ စာတမ်းမတင်နိုင် သေးဘူး။ ဖတ်တာတော့ ဖတ်မယ်။ မတင်နိုင်သေးဘူးဆိုတာက အချက်အလက်တွေ ပြန်စုရတာ အရမ်းကြီး ကမန်းကတန်းဖြစ်သွားတဲ့တွက် မပြည့်စုံမှုတွေ ဖြစ်မှာစိုးလို့ကိုယ့်တစ်မျိုးသားလုံးနဲ့ဆိုင်တဲ့ ကိစ္စကို တစ်ရက် နှစ်ရက် အတွင်း အပြီးရေးဖို့ဆိုတာ မဖြစ်နိုင်ဘူး ခုချိန်ထိတောင် မှ စာတမ်းမပေးရသေးဘူး”ဟု ပြောသည်။

နိုင်ငံရေးဆွေနွေးပွဲသို့ သျှမ်းပြည်နယ်အတွင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ နှင့် ခရိုင်အသီးသီးမှ ကိုယ်စားလှယ်များတင်ပြလာသည့် စာတမ်းများအနေဖြင့် နိုင်ငံရေးဆိုင်ရာ စာတမ်း(၂၆) စောင်၊ စီးပွားရေး ဆိုင်ရာစာတမ်း (၂၃)စောင် ၊မြေယာ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာစာတမ်း (၂၁) စောင်၊ စုစုပေါင်းစာတမ်း (၇၀)စောင် ကို တင်သွင်းထားကြောင်း သျှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် က မိန့်ခွန်းတွင် ပြောသွားသည်။

ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့ အလုပ်အမှုဆောင် ဦးရန်ကျော် က “ ကြိုတင်ပြင်ဆင်မှုတွေ သေချာ လုပ်ရ အောင်လို့်ညသိတယ် မနက်ခရီးထွက်ရတယ်ဆိုတော့ အဆင်မပြေဘူး၊ ကမန်းကတန်းလာရတဲ့အတွက် ဘာမှ ပြင်ဆင်မှု မလုပ်လိုက်ရဘူး ပြီးပြည့်စုံစုံလည်း ဘာမှ မပြောပြလိုက်ရဘူး အားမရဘူးပေါ့၊ ကြိုတင်ပြီး တော့ အနည်းဆုံး ငါးရက် တပတ်လောက်တော့ အကြောင်းကြားဖို့ လိုတယ် အသိပေးဖို့လိုတယ်။ ဘာဖြစ်လို့ လည်းဆိုတော့ အမျိုးသားရေးအဆင့် ဆိုတာ အရမ်းအရေးကြီးတယ်။ ပဏာမဘဲဖြစ်ဖြစ် ဆွေးနွေးညှိနှိုင်း တာ ဘဲဖြစ်ဖြစ် အရေးကြီးတယ်၊ နောက်တစ်ကြိမ် ဖိတ်ခေါ်မယ်ဆိုရင်တော့ ကြိုတင်ပြီးတော့ ကျနော်တို့ကို ပြင်ဆင်မှုရရှိအောင် ရေးဆွဲလို့ရအောင် စီမံလို့ရအောင် ကြိုတင်ပြီးတော့ ဖိတ်ကြားထားရင်တော့ ပိုကောင်းပါတယ်” ဟုပြောသည်။

” ညကသိတယ် ၊ မနက်ခရီးထွက်ရတယ် ဘာအစီအစဉ်မှလဲ သေချာမစီ စဉ်ခဲ့ ရဘူး ၊ နောက်တစ်ကြိမ်သာ ထပ်ခေါ်မယ်ဆိုရင် ကြိုတင်ပြင်ဆင်မှုရရှိ အောင် ရေးဆွဲ စီမံလို့ရအောင် ဆောင်ရွက်ပေးဖို့လိုတယ် ” ဟု ၄င်းကဆက် လက်ပြောသည် ။

သျှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း များဖိတ်ကြားမှုတွင် သျှမ်းပြည်ပြန် လည်ထူထောင်ရေးကောင်စီ RCSS/SSA နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့PNLO ကိုသာဖိတ်ကြား ထားသည်ဟုသိရသည် ။

ဒေသအလိုက်ကျင်းပသည့်ပွဲသည် သက်ဆိုင်ရာပြည်နယ်အစိုးရက ဦး ဆောင်ကျင်းပရသည့်ပွဲဖြစ်တဲ့အတွက် ဖိတ်ကြားသည့် အပိုင်းသည် ပြည်နယ်အစိုးရ၏ သဘောထား ဖြစ်သော်လည်းသျှမ်းပြည်နယ်အတွင်း ပြည်နယ် အဆင့် ပြည်ထောင်စု အဆင့် လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများအား လုံးကို လေ့လာသူအနေနှင့် ဖြစ်စေ ၊ အထူးဖိတ်ကြားသူအ နေနှင့်ဖြစ်စေ ဖိတ်ကြားသင့် သည်ဟု ( PNLO ) ဥက္ကဌ ဦးခွန်မြင့်ထွန်း ကပြောသည် ။

သျှမ်းပြည်နယ် ဒေသအလိုက်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအား တက်ရောက်ရန် ကိုယ်စားလှယ် (၄၀ဝ)ကျော် သတ်မှတ်ထားပြီး ၊ ဆွေးနွေး ပွဲတွင် ဖယ်ဒရယ်ကိုအခြေခံသော နိုင်ငံရေး ၊ စီးပွားရေး ၊ မြေယာ နှင့် သယံဇာတ ဆိုင်ရာ မူဝါဒများဟူသောခေါင်းစဉ်(၃) ခုဖြင့် စာတန်းပြုစုသွားမည်ဖြစ်ကြောင်းသိရှိရပါသည် ။

RCSS/SSA တောင်ကြီးဆက်ဆံရေးရုံးတာဝန်ခံ ဒုဗိုလ်မှူးကြီး စိုင်းဦး က “အခုလုပ်တာက အစိုးရကနေ စီစဉ်ပြီးလုပ်တယ် ၊ လုပ်တာက လုပ်သင့်ပါတယ် ၊ ဒါပေမယ့် အရမ်းကြီးလောသွားတယ် တစ်ဆင့်ခြင်းစီ လုပ်သွားသင့်တယ် ” ဟု ဧပြီ ၂၁ ရက်နေ့က ပြောသည်။

သျှမ်းပြည်နယ်တွင် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွင် ပအိုဝ်းတိုင်းရင်းသား များသာ ကျင်းပနိုင်ခဲ့ပြီး သျှမ်းတိုင်းရင်းသားများအတွက် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရန် အတွက် အစိုးရက တောင်ကြီး နှင့် ပင်လုံမြို့၌ ကျင်းပခွင့် မပေးသောကြောင့် ယနေ့ချိန်ထိ ကျင်ပခွင့် မရှိသေးပေ။