တီကျစ် ကျောက်မီးသွေး စီမံကိန်း တွေ့ဆုံပွဲ ပွင့်လင်းမြင်သာမှု မရှိဟုဆိုကာ လူထု မတက်ရောက်

သျှမ်းပြည်တောင်ပိုင်း တီကျစ်ရှိ ကျောက်မီးသွေး စီမံကိန်းများနှင့် ပတ်သက်ပြီး အစိုးရနှင့် ဒေသခံ လူထု တွေ့ဆုံပွဲကို ဧပြီ ၂၉ ရက်နေ့က ကျင်းပရာ အစိုးရဘက်မှ လူဦးရေ အနည်းအကျဉ်းသာ ဖိတ်ကြားခဲ့ပြီး ပွင့်လင်းမြင်သာမှု မရှိခြင်းကြောင့် ဒေသခံအများစုမှာ တွေ့ဆုံဆွေးနွေးပွဲသို့ မတက်ရောက်ကြကြောင်း သိရသည်။

‘ ကျနော်တို့သွားမတက်ဘူး။ လူက ရဝ ပဲဖိတ်တယ်။ ကပ်ပြီး ၂၇ ရက်နေ့မှ ဖိတ်လာတယ်။ တီကျစ်စီမံကိန်းတွေနဲ့ ဆက်နွယ်တာ ကျေးရွာ ၃၉ ရွာရှိတာ လူ ရဝ ပဲ ရွေးဖိတ်တာဆိုတော့ ပွင့်လင်းမြင်သာမှု အားနည်းတယ်။ဒါကြောင့် ကန့်ကွက်တဲ့အနေနဲ့သွားမတက်တာ ’ – ဟု တီကျစ်ဒေသခံ ကိုစိန်သောင်းက သျှမ်းသံတော်ဆင့်သို့ ဧပြီ ၂၉ ရက်နေ့ ညနေပိုင်းတွင် ပြောသည်။

ကာလရှည် အငြင်းပွားဖွယ် စီမံကိန်းဖြစ်ခဲ့သည့် တီကျစ် ကျောက်မီးသွေးသုံးရေနွေးငွေ့ ရေအားလျှပ်စစ် စီမံကိန်းမှာ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်က ဒေသခံများက ကန့်ကွက်သည့်အတွက် ခေတ္တရပ်နားခဲ့သည့် စီမံကိန်းဖြစ်ပြီး အစိုးရသစ်လက်ထက်တွင် ပြန်လည်လည်ပတ်ရန် စီစဉ်နေခြင်းဖြစ်သည်။

ခေတ္တရပ်နားထားရာမှ ပြန်လည် လည်ပတ်တော့မည့် တီကျစ် ကျောက်မီးသွေးစက်ရုံမှာ လူနေအိမ်ခြေများ အနီးတွင် တည်ရှိပြီး ယခင်စစ်အစိုးရ လက်ထက်မှ စတင်၍ ဒေသခံများ ကန့်ကွက်မှု ရှိခဲ့သည့် စက်ရုံလည်း ဖြစ်သည်။ အန်အယ်လ်ဒီ အစိုးရတက်စတွင် အဆိုပါ စီမံကိန်းအား သဘောမတူကြောင်း အန်အယ်လ်ဒီကိုယ်စားလှယ်အချို့နှင့် သျှမ်းပြည်အစိုးရ ဝန်ကြီးအချို့မှ မီဒီယာများအား ပြောဆိုထားမှုများ ရှိခဲ့သည်။

တီကျစ် ကျောက်မီးသွေးဓါတ်အားပေးစက်ရုံအတွက် ကုန်ကြမ်းကျောက်မီးသွေးကို တီကျစ်ရွာအနီးရှိ ဧဒင်ကုမ္မဏီပိုင်ကျောက်မီးသွေး တူးဖော်ရေးလုပ်ငန်းမှ ထွက်ရှိသော ကျောက်မီးသွေးဖြင့် လည်ပတ်ရ မည်ဖြစ်ပြီး ဒေသခံအများစုမှာ ရွာအနီး ကျောက်မီးသွေးထုတ်နေခြင်းကိုလည်း နှစ်သက်မှု မရှိကြောင်း သိရသည်။

တီကျစ်ဒေသ ကျောက်မီးသွေးထုတ်လုပ်လည်ပတ်မှုကြောင့် ဒေသခံများအနေဖြင့် ယားနာများ ဖြစ်ခဲ့ဖူးပြီး ရေဂါလံ ၄ သောင်းခန့် အသုံးပြုမည့်စီမံကိန်းကြောင့် အင်းလေးကန် ရေဝေရေလဲ ဒေသကို ထိခိုက်နိုင် သည်ဟု ကျွမ်းကျင်သူများက ပြောဆိုထားမှုများရှိသည်။ ဒေသခံများအနေဖြင့် တီကျစ် စက်ရုံအတွင်းပြုလုပ်သည့် ဆွေးနွေးပွဲအားမတက်ရောက်မှုအပြင် ကုမ္မဏီနှင့် အစိုးရအကြား ချုပ်ဆိုထားသည့် စာချုပ်များအား ပွင့်လင်းမြင်သာစွာချပြရေး၊ ဒေသခံနှင့် သဘာဝပတ်ဝန်းကျင်များ ထိခိုက်နိုင်မှု စစ်တမ်းများအား လူထုနှင့် မတွေ့ဆုံမှီ ကြိုတင်လေ့လာနိုင်ရန် ပေးပို့ထားရေး ၊ သဘာဝပတ်ဝန်းကျင် အစီစဉ်တို့ကို ကြိုတင်လေ့လာနိုင်မှု ရှိရေးဆောင်ရွက်ပေးရန်တို့ကိုလည်း ဆွေးနွေးပွဲမကျင်းပခင် အချိန်မှီပေးပို့ကြရန် တောင်းဆိုခဲ့သည်။

အခုက အရပ်ဘက် အဖွဲ့အစည်းတွေလည်း မဖိတ်ဘူး။ တီကျစ်စက်ရုံထဲမှာ ဒီကနေ့လုပ်တဲ့ပွဲကို လူတွေလည်း သိပ်မလာဘူး။ ’ – ဟု တီကျစ်ကျောက်မီးသွေးစီမံကိန်းအရေး လှုပ်ရှားသူ ကိုဝင်းရှိန်းမြတ်ကလည်း သျှမ်းသံတော်ဆင့်သို့ ပြောသည်။

တီကျစ်ကျောက်မီးသွေးစီမံကိန်းရပ်ဆိုင်းရေးနှင့် ပတ်သက်ပြီး သျှမ်း ၊ ဓနု ၊ ပအိုဝ်း ၊ ပလောင်စသည့် ဒေသခံ တိုင်းရင်းသားများများပါဝင်သည့် ဆန္ဒပြပွဲကို အန်အယ်လ်ဒီ အစိုးရစတက်သည့် လွန်ခဲ့သည့်နှစ် ဧပြီလက ပြုလုပ်ခဲ့ဖူးသည်။ တီကျစ်စီမံကိန်းမှာ လူနေအိမ်ခြေများအနီးတွင် တည်ရှိသည့် စီမံကိန်းလည်းဖြစ်သည်။