ဗိုလ်ချုပ်အောင်ဆန်းတံတား ချောင်းဆုံဖွင့်လှစ်မှု နိုင်ငံရေးအရ မျက်နှာပြောင်တိုက်မှုဟု မွန်အသိုင်းအဝိုင်းဝေဖန်

အငြင်းပွားဖွယ်ဖြစ်နေသည့် မော်လမြိုင်နှင့်ေ ချာင်းဆုံကို ဆက်သွယ်ထားသည့် သံလွင်မြစ်ကူး ဗိုလ်ချုပ်အောင်ဆန်း တံတားအား မေလ ၉ ရက်နေ့ မနက်ပိုင်းက ဖွင့်လှစ်ခဲ့သည်။

တံတားအမည်သတ်မှတ်မှုနှင့် ပတ်သက်၍ မွန်ဒေသခံ သောင်းချီ ကန့်ကွက်ဆန္ဒပြခဲ့သော်လည်း ယနေ့မနက်ပိုင်းက ပြုလုပ်သည့် ဖွင့်ပွဲသို့ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့် ၊ မွန်ပြည်နယ်နှင့် ကရင်၊ တနသာင်္ရီတို့မှ ၀န်ကြီးချုပ်များ တက်ရောက်ခဲ့သည်။

ဒီလောက်လူထုကန့်ကွက်နေတဲ့ အကြားက အခုလို ဗိုလ်ချုပ် နာမည်သုံး မြန်မာမှုပြုတာဟာ နိုင်ငံရေးအရ အရှက်အကြောက် တရားနဲ့ ဂုဏ်သိက္ခာမဲ့တဲ့ မျက်နှာပြောင်တိုက်မှု တစ်ခုဖြစ်တယ် လို့ ပြောချင်တယ် - ဟု မွန်လူငယ်ခေါင်းဆောင် တစ်ဦးဖြစ်ပြီး ဒေသတွင်းအရပ်ဘက်အဖွဲ့အစည်းများတွင် ပါဝင်နေသူ ကိုမင်းလတ်က မှတ်ချက်ပြုပြောဆိုသည်။

ဧရာဝတီ သတင်းဖော်ပြချက်တွင်မူ ဗိုလ်ချုပ်တံတား အမည်သတ် မှတ်ရေးနှင့် ပတ်သက်၍ လွှတ်တော်တွင် တင်ပြခဲ့သည့် NLDကိုယ်စားလှယ် မိကွန်ချမ်းနှင့် တံတားနာမည်ကိစ္စ ကန့်ကွက်သူ မွန်လွှတ်တော် ဒုတိယ ဥက္ကဌ ဒေါက်တာ အောင်နိုင်ဦးတို့မှာ တံတားဖွင့်ပွဲ မလာရောက်ခဲ့ဟု ဖော်ပြထားသည်။

ချောင်းဆုံတံတားအရေးနှင့် ပတ်သက်၍ NLD အများစုဖြစ်သည့် ပြည်ထောင်စုလွှတ်တော်တွင် မဲခွဲဆုံးဖြတ်ခဲ့မှုအပေါ် နိုင်ငံရေးအသိုင်းအဝိုင်းမှ ဝေဖန်ခဲ့ကြပြီး သျှမ်းခေါင်းဆောင်ခွန်ထွန်းဦးကလည်း ယင်းကိစ္စမှာ ဒီမိုကရေစီအရ အနိုင်ကျင့်မှုဟု ဝေဖန်ထားသည်။

ဦးသိန်းစိန်အစိုးရကိုပြောတာပါ တိုင်းရင်းသားရဲ့ လိုအပ်ချက် တိုင်းရင်းသားခံစာချက်တွေသူတို့နားလည်တယ် ။မွန်မှာ ဆောက်ခဲ့တဲ့တံတားတွေဟာဒေသခံနာမည်တွေပဲ ပေးခဲ့တယ် ။NLD လို တယူသန်အတွေး တယူသန်လုပ်ကွက်တွေဦးသိန်းစိန် မလုပ်ခဲ့ပါဘူး။ အန်အယ်ဒီရဲ့ နိုင်ငံရေးအမှား ကွက်တော့ေ ရရှည်တိုင်း ရင်းသားနဲ့ တိုင်းရင်းသားနဲ့ အမျိုးသားပြန်လည်ရင်ကြားစေရေးထက်တိုင်းရင်းသားဘက်က NLD မုန်းတီးရေးဝါဒတစ်ခု ဖြစ်လာတော့မယ်ဒီလိုဖြစ်လာရင်တော့ NLD ရဲ့ နိုင်ငံရေးကျရှုံးခန်းပဲ ဖြစ်လာတော့မယ်။ အဲဒီအချိန်ကျရင် - ဟု မွန်တိုင်းရင်းသား သတင်းထောက်ဖြစ်သူ လဝီဝမ်က မှတ်ချက်ပြုသည်။

တံတား နာမည်သတ်မှတ်မှုအဖြစ် စစ်အစိုးရလက်ထက်က ဗလမင်းထင်တံတား မြစ်ကြီးနား သတ်မှတ်မှုရှိခဲ့ပြီး ပင်လုံကျောက်တိုင် ကွင်းတွင် ရွှေတိဂုံဘုရားတည်မှုမှာလည်း စစ်အစိုးရလက်ထက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ သမ္မတ ဦးသိန်းစိန်အစိုးရမှာ အတတ်နိုင်ဆုံးလူထု အသံနားထောင်ခဲ့သည်ဟု အကဲခတ်အချို့က ဆိုသည်။

ဒီတံတား ဒီလိုနာမည်တပ်မှုက ကေးဝဋ်ပုဏ္ဏားဟာ နဖူးကအမာရွတ်မြင်တိုင်း မဟောသဓာကို သတိရတတ်သလို ဗိုလ်ချုပ်အောင်ဆန်းတံတားမြင်တိုင်း မွန်တွေရင်မှာ ဒီမိုကရေစီ အနိုင်ကျင့်ခံရတာကို သတိရနေမှာမလွဲပါဘူး ဟု မွန်အမျိုးသမီး တစ်ဦးဖြစ်သူ မိဝင်းဝါဝါထွန်းက ၄င်း၏ ဖေ့ဘုပ်စာမျက်နှာတွင် မှတ်ချက်ပြုရေးသားထားသည်။

NLD အစိုးရတက်ပြီးနောက် အစိုးရနှင့် တိုင်းရင်းသားများအကြား ဆက်ဆံရေးအေးခဲလာသည်ဟု အကဲခတ်များကဆိုပြီး NLD လုပ်နေသည့် ရင်ကြားစေ့ရေးမှာ တပ်နှင့် NLD အကြားတွင်သာဖြစ်ပြီး တိုင်းရင်းသားများမပါဟု သျှမ်းခေါင်းဆောင်ခွန်ထွန်းဦးက CSSU ရှမ်းပြည်ညီညွတ်ရေးကော်မတီ အစည်းအဝေးတွင် ပြောဆိုထားသည်။