မြောက်ပိုင်းမဟာမိတ်၊ ၀ တပ်ဖွဲ့နှင့်တရုတ်တို့ ဆွေးနွေးနေစဉ် ကိုးကန့်ဟုန်အိုင်ဒေသတွင်တိုက်ပွဲပြင်းထန် ဖြစ်ပွား

တအာင်းပလောင် ၊ ကေအိုင်အေ ၊ ကိုးကန့် ၊ အေအေ ရက္ခိုင့်တပ်မတော်စသည့်မြောက်ပိုင်းမဟာမိတ်အဖွဲ့ များအပါဝင် ၀ တပ်ဖွဲ့ တာဝန်ရှိသူများနှင့် တရုတ်အထူးကိုယ်စားလှယ်တို့ ကူမင်းတွင် ဆွေးနွေးနေစဉ် ကိုးကန့် ဟုန်အိုင်ဒေသ၌တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားကြောင်း မြောက်ပိုင်းမဟာမိတ်အဖွဲ့မှ သတင်း ထုတ်ပြန်သည်။

မေလ ၁၁ ရက်နေ့ မနက်ပိုင်း ရ နာရီမှစ၍ ဟုန်အိုင်ဒေသရှိ ကိုးကန့် တပ်ဖွဲ့တပ်စခန်းများကို လက်နက်ကြီး များဖြင့် မရပ်မနား ပစ်ခတ်ခဲ့ပြီး မြေပြင်မှထိုးစစ်ဆင်မှုများကိုလည်း ပြန်လည် ပြုလုပ်လာခဲ့သည်ဟု မဟာ မိတ်အဖွဲ့က သတင်းထုတ်ပြန်သည်။

ကိုးကန့်ဒေသအတွင်း ပုံမှန်ထက်ပိုသောစစ်ရေးလှုပ်ရှားမှုများနှင့် လူအင်အား လက်နက်အင်အား များကို ဆက်တိုက်ပို့ဆောင်နေသောကြောင့် မကြာမီကာလအတွင်း တိုက်ပွဲမှာပိုမိုပြင်း ထန်လာနိုင်ကြောင်းလည်း မေလ ၁၁ ရက်နေ့ရက်စွဲဖြင့်မဟာမိတ်အဖွဲ့က သတင်းထုတ်ပြန်သည်။ ရက်ပိုင်းအတွင်းဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင်ထိခိုက်ဒဏ်ရာရရှိသူများလည်း များပြားခဲ့ကြောင်း ထုတ်ပြန် ထားသည်။

‘ မနေ့က တိုက်ပွဲပြင်းတယ် လက်နက်ကြီးတွေနဲ့ အကြီးအကျယ်ပစ်သလိုခြေလျင်တပ်တွေနဲ့လည်း ထိုးစစ် ဆင်တယ်။ အကျအဆုံးများတယ်။ စစ်တပ်ဘက်ကသုံးနေတဲ့ နှုန်းက လက်နက်ကြီး စားရိတ်တင် အဲဒီဒေသ မှာ တရက်တရက် ကျပ်သိန်း ၃၀ဝ၀ ကျော်ဖိုးလောက် သုံးနေသလို တောင်ဖြစ် နေတယ်။ ကချင်စစ်ပွဲပြန်စ ခဲ့တဲ့၂၀၁၁ ကနေ အခု ၂၀၁၅ ၊ ၂၀၁၇ ကိုးကန့် စစ်ပွဲအထိ ငွေများစွာကုန်ပြီး ဘာအကျိုးအမြတ် မှမရ ဘူးဆိုတာလည်း သိဖို့လိုနေပြီ။ ‘ ဟု နယ်စပ်ရေးရာ လေ့လာ သူ ဦးဂါမဏိက လတ်တလော ကိုးကန့် တိုက်ပွဲများနှင့် ပတ်သက်၍ ၄င်း၏ ဖေ့ဘုပ်စာမျက်နှာတွင် ရေးသားထားသည်။

လတ်တလောအတွင်းမှာပင် တရုတ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာဆွန်းကော့ရှန် နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၊ ဝ တပ်ဖွဲ့တာဝန်ရှိသူများသည် ယူနန်ပြည်နယ် ကူမင်းမြို့တွင် မေလ ၁၀ ရက် နေ့ ၁၁ရက်နေ့တို့က တွေ့ဆုံခဲ့ပြီး မြန်မာ့ငြိမ်းချမ်းရေးအတွက်ဆွေးနွေးခဲ့ကြသည်။

မြောက်ပိုင်းအဖွဲ့များအနေဖြင့် ပန်ဆန်း ဝ ဆွေးနွေးပွဲ ဆုံးဖြတ်ချက်အရအားလုံး ရ ဖွဲ့စလုံး ( ကေအိုင်အို ၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA အပါအဝင် ) အား အစိုးရဘက်မှ လက်ခံတွေ့ဆုံမှသာ ဆွေးနွေး မည်ဖြစ်ကြောင်းတအာင်းပလောင်တပ်ဖွဲ့ဒုတိယ ဥက္ကဌ တာဂျုတ်ဂျားကပြောသည်ဟု သတင်းမီဒီယာ အချို့တွင် ဖော်ပြထားသည်။

တရုတ်ကိုယ်စားလှယ် မစ္စတာဆွန်းကော့ရှန်းအနေဖြင့် မြန်မာအစိုးရအားဆွေးနွေးမှုအခြေနေများကို ရှင်းပြမည်ဖြစ်သည်။ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မေလ ၁၄ ရက်နေ့တွင် တရုတ်ပြည်သို့ သွားရောက်မည်ဖြစ်ပြီး ပိုးလမ်းမ စီမံကိန်း ညီလာခံသို့ တက်ရောက် မည်ဖြစ်သည်။ လတ်တလော ပဋိပက္ခနှင့် တိုက်ပွဲများဖြစ်ပွားနေသောကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတို့မှာ တရုတ်၏မဟာစီမံကိန်းဖြစ်သည့် One road One Belt စီမံကိန်းဖြတ်သန်းမည့် နယ်မြေများဖြစ်သည်။

ဥရောပ မြန်မာရုံးမှတိုင်းရင်းသားအရေးလေ့လာသူ စဝ်ဟန်ယောင်ဝေကမူ မြန်မာမြောက်ပိုင်းပဋိပက္ခများ မရှင်းနိုင်လေလေ မြန်မာအပေါ် တရုတ်သြဇာကြီးလေလေဖြစ်လာမည်ဟုဧရာဝတီ သတင်းဌာနနှင့် ဧပြီလအတွင်းက ပြုလုပ်သည့် တွေ့ဆုံမေးမြန်းမှုတွင်ဖြေကြားထား သည်။