“ပြည်ထောင်စုမှ လုံးဝခွဲမထွက်ပါဘူး” ဆိုသည့် တပ်မတော်၏ အဆို ပြည်ထောင်စု စာချုပ်ကို သစ္စာဖေါက်ရာရောက်ဟု SNLD ပြော

 မေလ ၁၂ ရက်နေ့တွင်ကျင်းပသော UPDJC အစည်းအဝေး (photo: Irrawaddy) မေလ ၁၂ ရက်နေ့တွင်ကျင်းပသော UPDJC အစည်းအဝေး (photo: Irrawaddy)

ဒုတိယအကြိမ်ကျင်းပပြုလုပ်မည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၂၁ ရာစု ပင်လုံသည် ၁၉၄၇ ခုနှစ်က ထားရှိခဲ့သည့်ကတိကဝတ်ကို အကောင်အထည်ဖော်ရန် မကြိုးစားဘဲ ၄င်းကိုကျော်လွန် ဖောက်ဖျက်သွားပါက ပြည်ထောင်စုကိုသစ္စာဖောက်ရာရောက်ကြောင်း သျှမ်းတိုင်းရင်းသားများ ဒီမိုက ရေစီအဖွဲ့ချုပ် SNLD ၏ပြောရေးဆိုခွင့်ရှိသူ စိုင်းလိတ်ကပြောသည်။

“ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံဟာ NCA လုပ်ငန်းစဉ်အရ သွားနေတာပါ။ NCA ဟာ ၁၉၄၇ မှာ ချုပ်ဆိုခဲ့တဲ့ ပင်လုံစာချုပ်ကို မလွှမ်းမိုးစေရဘူး။ မကျော်လွန်စေရဘူးလို့နိုင်ငံတော်အတိုင် ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ပြောဆိုထားတာရှိပါတယ်။ ကျနော်တို့လည်း ဒီအတိုင်းပဲ နားလည်လက်ခံ ထားတယ်။ ဒါပေမယ့် ဒီလ ၁၂ ရက်နေ့မှာ ကျင်းပပြီးစီးသွားတဲ့ UPDJC အစည်းအဝေးမှာ တပ်မ တော်ရဲ့တောင်းဆိုချက်အရ ပြည်ထောင်စုထဲကနေ လုံးဝခွဲမထွက်ပါဘူး ဆိုတဲ့အချက်ကို အတည် ပြု မယ်လို့ကြားသိရပါတယ်။ အဲ့ဒီအတိုင်းသာ တကယ်လုပ်မယ်ဆိုရင် ဒါဟာပြည်ထောင်စု ကတိ က ဝတ်ကိုဖောက်ဖျက်တာပဲ။ တစ်နည်းအားဖြင့် ပြည်ထောင်စုစာချုပ်ကို သစ္စာဖောက်ရာရောက်တယ် လို့ယူဆတယ်” ဟု စိုင်းလိတ် က သျှမ်းသံတော်ဆင့် ကိုပြောသည်။

တိုင်းဒေသကြီး နှင့် ပြည်နယ်များမှ ကိုယ်ပိုင်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲပြဌာန်းခွင့်ရရန် မေလ ၂၄ ရက်နေ့မှာ စတင်မည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံမှာ ဆွေးနွေးဆုံးဖြတ်ကြမည် ဖြစ် ကြောင်း၊ ထို့အတူ တိုင်းရင်းသားပြည်နယ်များအနေဖြင့်လည်း ပြည်ထောင်စုကြီးမှ လုံးဝ ခွဲမထွက်ပါဘူး ဆိုသည့်အဆို အတည်ပြုမှုရးလည်း တပ်မတော် မှ ကြိုးပမ်းနေခြင်းဖြစ်သည်။

“ဘယ်တိုင်းရင်းသား ဘယ်ပြည်နယ်ကမျှ ခွဲမထွက်ပါဘူးလို့ကတိပြုစေချင်ရင် တစ်ဖက်ကလည်းပဲ ခွဲမထွက်ချင်အောင် ဘယ်လိုပြုမူဆောင်ရွက်ပါမယ်ဆိုတာကို နိုင်ငံတကာကို သက်သေထားပြီး ကတိကဝတ်ပြုဖို့လိုအပ်ပါတယ်။ အစိုးရဘက်က စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက် ရေးလမ်း ကြောင်းအတိုင်း မသွေမဖီ လျှောက်လှမ်းရအောင်လို့ ဒီခွဲထွက်ပိုင်ခွင့်ကိုထည့်သွင်း ရေးဆွဲခဲ့ရတာ အားလုံးသဘောပေါက်ကြပြီးသားပါ” – ဟု စိုင်းလိတ်က ဆက်၍ပြောသည်။

၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေ တွင် ခွဲထွက်ပိုင်ခွင့် ထည့်သွင်းရေးဆွဲထားခြင်းသည် ပြည်နယ်နဲ့ ပြည်ထောင်စု အစိုးရကြားထားရှိအပ်သည့် နိုင်ငံရေး အထိန်းအကွပ်တစ်ခုဖြစ်ကြောင်း။ Check and balance လုပ်နိုင်ဖို့ ရှေ့လူကြီးများက အမျှော်အမြင်ရှိရှိချမှတ် လုပ်ဆောင်ထားခဲ့ ခြင်းဖြစ်ကြောင်း စိုင်းလိတ်က ဤကဲ့သို့ ဆက်၍ပြောသည်။

“ရှေ့လူကြီးများက အမျှော်အမြင်ရှိရှိချမှတ် လုပ်ဆောင်ခဲ့ တာကို ကိုယ်တွေက နိုင်ငံရေး သီလညံ့ လို့ အကောင်အထည်မဖော်နိုင်တာနဲ့ပဲ ဒါဟာ လက်ရှိကာ လနဲ့မအပ်စပ်တော့ဘူးလို့ကောက် ချက် ဆွဲလိုက်မယ်ဆိုရင် ဒါသမိုင်းကြောင်းမှန်ကို ကျောခိုင်းလိုက်တာပါပဲ။ နောက်တစ် ချက်က ပြည်ထောင်စုဖွဲ့ စည်းပုံအခြေခံဥပဒေကို လူထုဆန္ဒနဲ့အညီ ဒီမိုကရေစီစံနှုန်းပြည့်မီတဲ့ ဖက်ဒရယ် ပုံစံဖြစ်အောင် အရင်မကြိုးပမ်းဘဲ ပြည်နယ်တွေကို ဖွဲ့စည်းပုံ ရေးခွင့်ပြုဖို့ဆွေးနွေးကြ မယ်ဆိုတာ အချိန်ကုန်လူပန်းပြီး လိုရာခရီးလည်း မရောက်နိုင်ပါဘူး ပြည်ထောင်စုလို့ဆိုကတည်း က ပြည် ထောင်တွေကိုစုစည်းထားတဲ့ သဘောကို အတိအကျ ရည်ညွှန်းပါတယ်။ ပြည်နယ်တွေနဲ့တိုင်း တွေကိုစုစည်း ထားတာမဟုတ်မှန်းသိသိနဲ့ မရိုးမသားလုပ်ကြရုံနဲ့ ငြိမ်းချမ်းရေးကို တည် ဆောက် နိုင်မှာမဟုတ်ပါဘူး”ဟု ကျားခေါင်းပါတီ ပြောရေးဆိုခွင့်ရှိသူ စိုင်းလိတ်ကပြောသည်။

ဒေါ်အောင်ဆန်းစုကြည့် ဦးဆောင်သည့် အဲန်အယ်ဒီအစိုးရသည် လာမည့် မေလ ၂၄ ရက်မှ ၂၈ ရက်နေ့အထိ ၅ ရက် တိုင်တိုင် နေပြည်တော်တွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစုပင်လုံညီလာခံ ဒုတိယ အကြိမ် ညီလာခံ ကျင်းပဖို့ရှိနေပါသည်။

၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၀ ပုဒ်မ ၂၀၂ တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာတည်သည့်နေ့မှ ဆယ်နှစ်အတွင်း ခွဲထွက်နိုင်သော အခွင့်အရေးကို အသုံးမပြုရ ဟု ပါရှိသည်။ ဆိုလိုသည်မှာ ၁၀ နှစ်ပြည့်လျှင် ခွဲထွက်ပိုင်ခွင့်ရှိသည်၊ သို့သော် ပြည်နယ် ကောင်စီ ရှိ အမတ် စုစုပေါင်း သုံးပုံနှစ်ပုံအောက်မလျော့သောအမတ်များ၏ ထောက်ခံမဲပေးခြင်းဖြင့် အတည်ပြုရမည်ဟု ထည့်သွင်းရေးဆွဲထားသည်။

Last modified onThursday, 18 မေလ 2017 22:53