လုံခြုံရေးကဏ္ဍတွင် တပ်မတော်တစ်ခုတည်း ထားရှိရေးအတွက် သဘောထား စုစည်းချက် ၃ ချက် ဆွေးနွေး

PNLO ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာ PNLO ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာ

လုံခြုံရေးကဏ္ဍတွင် တပ်မတော် နှင့် တိုင်းရင်းသားလက်နက်ကိုင်ကြား အကြိတ်အနယ် ဆွေးနွေးခဲ့သည့် တပ်မတော်တစ်ခုတည်း ထားရှိရေးအတွက် သဘောထား စုစည်းချက် ၃ ချက် ဆွေးနွေးနိုင်ခဲ့ကြောင်း သိရသည်။

တိုင်းရင်းသားလက်နက်ကိုင် နှင့် တပ်မတော်ကြား သဘောထား စုစည်းနိုင်ခဲ့တဲ့ အချက် ၃ ချက်မှာ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံထားသည့် အစိုးရ၏ လက်အောက်မှာရှိသည့် တပ်မတော် ၊ တစ်ခုတည်းသော တပ်မတော်ထားရှိရေး နှင့် ဖက်ဒရယ် ပြည်ထောင်စု တပ်မတော် တို့ကို ဆွေးနွေးခဲ့သည်ဟု RCSS/SSA ၏ပြောခွင့်ရ ပုဂ္ဂိုလ် ဒုဗိုလ်မှူးကြီး စိုင်းငင်း ကပြောသည်။

“ဒီ သုံးခုလည်း နောက်နောင်အနေနဲ့ ဆွေးနွေးမယ်ဆိုတဲ့ သဘောလောက်ဘဲ။ တခြား ဘာမှ ထွေထွေ ထူးထူးတော့ ထွက်မလာဘူး၊ ဒါကတော့ဆက်လက်ညှိနှိုင်းမယ့် အနေအထားဖြစ်တယ်၊ ဘာဖြစ်လဲဆိုတော့ ကျနော်တို့ တိုင်းရင်းသားတွေ ဖြစ်ချင်တာကတော့ ဖက်ဒရယ် တပ်မတော်ပေါ့နော် Federal Army ကို ပိုပြီးတော့ အားသန်တယ် လို့ဘဲ ပြောရမှာပေါ့” ဟု ၄င်းကပြောသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံညီလာခံမှာ လုံခြုံရေးကဏ္ဍ၏ ဒုတိယနေ့ က တပ်မတော်ဘက်မှ တပ်မတော် တစ်ခုထားရှိရေး နှင့် တိုင်းရင်းသားလက်နက်ကိုင်ဘက်မှ ဖက်ဒရယ် တပ်မတော်မူဝါဒ ထားရှိရေးကို အချင်းချင်းကြား အကြိတ်အနယ် ဆွေးနွေးခဲ့ပြီး ယနေ့ ညီလာခံ တတိယနေ့ မေလ ၂၆ ရက်နေ့တွင် သဘောထား စုစည်းနိုင်ခဲ့သည်။

လုံခြုံရေး ကဏ္ဍတွင် ဝင်ရောက်ဆွေးနွေးသည့် PNLO ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် နာယက ခွန်ဥက္ကာ က- “အားလုံးကိုတော့ သဘောထားစုစည်းရပ် သုံးခုစလုံး ဆက်လက်ဆွေးနွေးဖို့ အားလုံးက သဘောတူတယ်၊ တက်ရောက်တဲ့လူတွေက အဲ့ဒါ ကောင်းတဲ့ လက္ခဏပေါ့၊ ဒါကို မပစ်ထားဘူးပေါ့၊ နောက် ဒီကိစ္စဆွေးနွေးမယ်ဆိုလည်း အားလုံးက တက်တက်ကြွကြွ ပြန်ဆွေးနွေးမယ်ဆိုပြီး လက်ခံထားတဲ့ခါကျတော့ ဒါက ပိုကောင်းတဲ့ဟာဖြစ်သွားတယ်” ဟု ပြောသည်။

တိုင်းရင်းသားဘက်မှ ဖက်ဒရယ်တပ်မတော် ကို ပိုမိုအားသန်ပြီး တိုင်းရင်းသားအားလုံးပါဝင်သည့် တပ်မတော်ဖြစ်ရန် အရေးကြီးကြောင်း ဒုဗိုလ်မှူးကြီးစိုင်းငင်း ကပြောသည်။