လက်ရှိ NCA စာချုပ်ကို လက်မှတ်ရေးထိုးမည်မဟုတ်ဟု ၀ ထိပ်ပိုင်းကိုယ်စားလှယ်ထပ်မံ ပြောကြား

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA သည် မိမိတို့ ပြင်ဆင်ထားသည့်အချက်များနှင့် မတူ သည့်အတွက် လက်မှတ်ထိုးမည်မဟုတ်ကြောင်း "ဝ" ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSA ပြင်ပဆက်ဆံရေး ဌာန အကြီးအကဲ ဦးကျောက်ကော်အန်းက ပြောသည်။

UWSA မှ မေလ ၂၆ ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်နေပြည်တော်၌ တွေ့ဆုံမှု အပြီးတွင် မီဒီယာများ အားပြောကြား ခဲ့ခြင်းဖြစ်သည်။

"ကျနော်တို့ အရင် NCA ကိုတော့ ထိုးမှာ မဟုတ်ပါဘူး" ဟု ၄င်းကပြောသည် ။

"ဝ" ပြည်သွေးစည်းညီညွတ်ရေးပါတီသည် မြောက်ပိုင်းမဟာမိတ်အဖွဲ့အနေဖြင့် အစိုးရ တပ်မတော်တို့နှင့် ယုံကြည်မှု တည်ဆောက်ရန် ၂၁ ရာစု ပင်လုံ ဒုတိယအစည်းအဝေးသို့ လာရောက်ခြင်းဖြစ်ပြီး ငြိမ်းချမ်းရေး ကော်မရှင် ၊ ဒေါ်အောင် ဆန်းစုကြည်တို့နှင့်တွေ့ဆုံ ခဲ့ကြသည်။

မေလ ၂၇ ရက်နေ့ MICC-ll တွင် ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော်အတိုင်ပင်ခံရုံး ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက -"NCA ထဲမှာ ပြင်ဆင်ခြင်းဆိုတာ မပါဘူး။ NCA ဆိုတာလည်း အစိုးရနဲ့ တပ်မတော်က ပိုင်ဆိုင်တာ မဟုတ်ဘူး။ ဒါက ၁၇ လကြာ အကြိတ်အနယ် ဆွေးနွေးခဲ့ပြီးတော့ပေါ်လာတဲ့ စာတမ်းဖြစ်တယ်" ဟုပြောကြား သွားခဲ့သည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည်က မြောက်ပိုင်းမဟာမိတ်များအား ပြုပြင်လိုသည့် NCA စာချုပ်ပါ အချက် များအား ပြုပြင်ကာ NCA လမ်းကြောင်းဖြင့်သာ နိုင်ငံရေး ဆွေးနွေးပွဲသို့ သွားစေလိုကြောင်း ပြောကြား သည်ဟု မြောက်ပိုင်းမဟာမိတ် အဆင့်မြင့်ကိုယ်စား လှယ်တဦးက သျှမ်းသံတော်ဆင့်သို့ပြောသည်။

ထို့အတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကမူ NCA လမ်းကြောင်း ကို လျစ်လျူရှု၍ အခြားလမ်းကြောင်း၊ နောက်ထပ်လမ်းကြောင်း၊ ဒုတိယလမ်းစဉ်ဆိုသည့် အခေါ် အဝေါ်များ သုံးစွဲလုပ်ဆောင်နေခြင်းသည် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေသော ပြည်ထောင်စုစနစ်တည်ဆောက်ရေးကို မလိုလားခြင်းသာဖြစ်သည်ဟု ၂၁ ရာစုပင်လုံ ဒုတိယအကြိမ် အစည်း အဝေးမိန့်ခွန်းပြောကြား ရာတွင်ထည့် သွင်း ပြောကြားသွားသည်။

နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA သည် ၁၉၄၇ ခု က ဗမာခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်း နှင့် ပြုခဲ့သည့် ကတိက၀တ်ဖြစ်သည့် ၁၉၄၇ ပင်လုံ စာချုပ်အား ကွယ်ပျောက်စေ သည့် စာချုပ်ဖြစ် သောကြောင့် လက်မခံနိုင် ကြောင်း၊ ထို့အတွက် ၀ တပ်ဖွဲ့ခေါင်းဆောင်သည့် မြောက်ပိုင်းမဟာ မိတ်တပ်ဖွဲ့ များအနေဖြင့် NCA မဟုတ်သည့် နည်းလမ်းဖြင့် နိုင်ငံရေးဆွေးနွေးပွဲသို့ သွားမည့်ကြောင်း အတိအလင်း ထုတ်ပြန်ကြေငြာထားသည်။