ပြည်ထောင်စုမှ ခွဲမထွက်ရ ကိစ္စလာမည့် ညီလာခံများတွင် ဆက်လက်ဆွေးနွေးမည်

ဒုတိယအကြိမ် ၂၁ ရာစုပင်လုံ ညီလာခံ၌ နိုင်ငံရေးကဏ္ဍမှာ ပြည်ထောင်စုမှ ခွဲမထွက်ရဆိုသည့် ကိစ္စနှင့် ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲရေးကိစ္စ စသည့်အချက်များကို နှစ်ဖက်သဘောတူညီမှုမရသဖြင့် လာမည့် ညီလာခံများတွင် ဆက်လက်ဆွေးနွေး သွားမည်ဟုသိရသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC ၏ ယနေ့ မေလ ၂၈ ရက် မနက်ပိုင်း အစည်းအဝေး အပြီး နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က - “ ဆွေးနွေးညှိနှိုင်းမှု ဆိုတာ အဆင်ပြေမှုများလည်း ရှိသကဲ့သို့ အဆင်မပြေမှုများလည်းရှိကြောင်း ” သတင်းမီဒီယာ များကို ပြောသည်။

“ ဒီမနက်ပိုင်း မှာတော့ နိုင်ငံရေးကဏ္ဍမှာ ပြည်ထောင်စုမှ ခွဲမထွက်ရဆိုတဲ့ စကားလုံးနဲ့ ပတ်သက်ပြီး ပိုပြီးအပြုသဘောဆောင်တယ်၊ အားလုံး ကျေနပ်လက်ခံနိုင်မယ့် စကားရပ်ကို ရှာဖွေကြမှာဖြစ်ပါတယ်။ ဒီညီလာခံမှာတော့ ကျနော်တို့ ခွဲမထွက်ရဆိုတဲ့ စကားနဲ့ ပတ်သက်ပြီး ဆက်မဆွေးနွေးဘဲနဲ့ ဒါကို ခန ရပ်နားထားတယ် နောက် ညီလာခံတွေမှာ ဆက်ပြီး ဆွေးနွေးမှာ ဖြစ်ပါတယ်” ဟု PNLO ဥက္ကဌ ခွန်မြင့်ထွန်း ကပြောသည်။

UPDJC အတွင်းရေးမှူး အဖွဲ့ဝင် အစည်းဝေးမှာ နိုင်ငံရေးကဏ္ဍတွင် ဆွေးနွေးရန် အချက် ၂၁ ချက်ရှိသည့် အနက် ၁၂ ချက်သာ သဘောတူညီမှု ရခဲ့ပါသည်။

“နိုင်ငံရေးကဏ္ဍမှာ အချက် ၂၁ ချက်ရှိရာ သဘောတူညီဆုံးဖြတ်ချက် ၁၂ ချက် ရခဲ့ပါတယ်၊ တခုရှိတာ ကတော့ ပြည်သူတွေ မျှော်လင့်နေတဲ့ ရလဒ်ကောင်း နည်းပါလိမ့်မယ်၊ သဘောတူညီချက် မရတာက ပြည်နယ်တွေရဲ့ ခွဲထွက်ခွင့် ကိစ္စဖြစ်တယ်၊ အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီး နှစ်ဖက်အပြန်အလှန် ပြောတဲ့ခါမှာ တိုင်းရင်းသားလက်နက်ကိုင်တွေဘက်က ခွဲထွက်ခွင့်ကတိကဝတ်နဲ့ ပတ်သက်ပြီး ဒီအချိန်မှာ သူတို့က မထည့်စေချင်ဘူး” ဟု အစိုးရ ကိုယ်စားလှယ် ဦးဇော်ဌေး ကပြောသည်။

ယနေ့ မေလ ၂၈ ရက်နေ့ နေပြည်တော် MICC-2 မှာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် ဥက္ကဌ အဖြစ် ဦးဆောင်သည့် UPDJC အတွင်းရေးမှူးအဖွဲ့ အစည်းဝေးမှာ ဆွေးနွေးဆုံးဖြတ် ခဲ့သည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ (ဒုတိယအကြိမ်) ညီလာခံကို မေလ ၂၄ ရက်နေ့မှ ၂၈ ရက်နေ့ထိ ပြုလုပ်ရန် စီစဉ်ထားသော်လည်း UPDJC အစည်းဝေး ဆွေးနွေးမှု မပြီးပြတ်ခဲ့သဖြင့် ညီလာခံကို တစ်ရက်ထပ်မံပြီး ကျင်းပခဲ့ရသည်။

၁၉၄၇ ခု ဗိုလ်ချုပ် အောင်ဆန်း နှင့် တိုင်းရင်းသား ခေါင်းဆောင်များ သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့တွင် တွေ့ဆုံဆွေးနွေးစဉ် အတူတကွ ဒွန်တွဲနေထိုင်ပြီး တန်းတူ အခွင့်အရေး မရပါက ၁၀ နှစ် ပြည့်လျှင် ခွဲထွက်ပိုင်ခွင့်ရှိသည် ဆိုသည့် သဘောတူညီချက်ကို ဒေါ်အောင်ဆန်းစုကြည့်ဖခင် ဗိုလ်ချုပ်အောင်ဆန်းက ပေးခဲ့သည်။ ထိုသဘောတူညီချက်ကို ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေ တွင် ထည့်သွင်းရေးဆွဲထားသည်။