NLD အစိုးရမှဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အသံတိတ်နေသည့် အပေါ် SNLD ကိုယ်စားလှယ်မေးခွန်းထုတ်

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့် ပြည်တွင်းငြိမ်းချမ်းရေးမရရှိနိုင်သေးတာဖြစ်ပြီး ၊ NLD အစိုးရအနေနှင့် လက်ရှိလွှတ်တော်တွင်းနှင့် လွှတ်တော်ပြင်ပတို့တွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးပိုင်းနှင့် ပတ်သက်၍ အသံတိတ်ဆိတ်နေသည်ဟု မိုင်းရှူးမြို့နယ် မဲဆန္ဒနယ်အမှတ် - ၁ SNLD ပါတီ လွှတ်တော် ကိုယ်စားလှယ် စိုင်းလင်းမြတ် ကပြောသည်။

NLD ပါတီအနေနှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုပြင်ရန် ရှိမရှိ ၊ ရှိခဲ့လျှင် မည်သည့် အချိန်တွင်ပြင် သွား မည် ဆိုသည့် မေးခွန်းကို ဂျွန်လ ၁၀ ရက် နေ့က တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ မြို့တော်ခန်းမ သို့ ရောက်ရှိလာသည့် ပြည်သူ့ လွှတ်တော်ဥက္ကဌဦးဝင်းမြင့် သျှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ တွေ့ဆုံ ရာတွင် စိုင်းလင်းမြတ်က တိုက်ရိုက်မေးမြန်းခဲ့ခြင်းဖြစ်သည် ။

" ကျနော်တို့ ဒါကိုမပြင်ဘူးလို့မပြောဘူး၊ ကျနော်တို့နိုင်ပြီးပြီးချင်းပြင်မယ်လို့လည်း မပြောဘူး ။ နံပါတ်(၂) ဖြစ်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးပြီးမှ နံပါတ်(၃) နေရာမှာရှိတာပါ အပြန်အလှန်နားလည်မှု ၊ အပြန်အလှန် ယုံကြည်မှုရှိမှ ပြင်လို့ရမယ်လို့ ကျနော်တို့သဘောပေါက်ထားတယ် ၊ ကျနော်တို့ ကိုယ့်ဘာသာကိုယ်ပြင်လို့ရတယ်မရဘူးဆိုတာ ၂၀၀၈ ဖွဲ့စည်းပုံ ရဲ့ အခန်း (၁၂) ပုဒ်မ ၄၃၆ (က) (ခ)မှာ ကန့်သတ်ထားတဲ့ ကန့်သတ်ချက်အရ ကျနော်တို့သဘောပေါက်ထားတယ် ။ " ဟု ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့် က ယင်းတွေ့ ဆုံပွဲတွင်ပြန် လည်ဖြေကြားခဲ့ခြင်းဖြစ်သည် ။

လွှတ်တော်ကိုယ်စားလှယ်များ ၏ မေးခွန်း ၊ အဆို ၊ မေးမြန်းခြင်းနှင့် ပတ်သက်၍ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နှင့် ကိုက်ညီမှုရှိစေရန် နှင့် သက်ဆိုင်ရာ ကိုယ်စား လှယ်၏ ပါတီ မူဝါဒနှင့် ကိုက်ညီမှုရှိ စေရန်လည်း ၄င်းက ဆက်လက်တိုက်တွန်း ပြောကြားခဲ့သည် ။

" ငြိမ်းချမ်းရေးလုပ်မယ် ၊ ငြိမ်းချမ်းရေးရမှ ၂၀၀၈ ဖွဲ့စည်းပုံကိုပြင်မယ် ဆိုတဲ့ပုံ စံမျိုးပြောတယ်ပေါ့ ။ ကျနော့အမြင်ကတော့ ဒီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့် ငြိမ်းချမ်းရေး မရတာသေးတာလား ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ မြန်မာနိုင်ငံသားတွေနဲ့ တိုင်းရင်းသာပြည်သူအပေါင်းရဲ့သွားချင်တဲ့ ဒီမိုကရေစီ ဖယ်ဒရယ်ပြည်ထောင်စုစနစ်ကို အဟန့်အတားဖြစ်နေတဲ့ အခြေအနေမျိုးမှာရှိနေသလား၊ ငြိမ်းချမ်းရေးရဖို့ အတွက်အခွင့်အရေးတွေ ရပိုင်ခွင့်တွေ ဘယ်လိုမျိုးကန့် သတ်မှုတွေရှိ နေသ လဲ ဆိုတာကိုပြန်စဉ်းစား သင့်တယ်လို့ကျနော်ထင်တယ် " ဟုစိုင်းလင်းမြတ်က မီဒီယာများသို့ ပြောသည် ။

တိုင်းရင်းသားများ ၏ရပိုင်ခွင့်များကို အာမခံချက်ပေး နိုင်သော အစိတ်အပိုင်းတွေကို ပြင် ဆင်နိုင်မည်ဆိုပါက ငြိမ်းချမ်းရေးကို ဦးတည်နိုင်သည် ဟုမြင်ထင်မြင်မိကြောင်း ၄င်းက ဆိုသည် ။

NLD ပါတီအနေနှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်မည့် ကိစ္စနှင့် ပတ်သက်၍ ၂၀၁၂ ကြားဖြတ်ရွေး ကောက်ပွဲမှာကတည်းက ကြေငြာထားရှိခဲ့ခြင်းဖြစ်ပြီး ၁- တရားဥပဒေ စိုးမိုးရေး ၊ ၂- ပြည်တွင်းငြိမ်းချမ်းရေး ၊ ၃- ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး ဟူ၍ အချက်(၃) ချက်ကိုလည်းကြေငြာထားခဲ့သည် ။