လားရှိုးမြို့နယ် အရှေ့ပိုင်းကျေးရွာများတွင် ကျွဲနွားများ ဒေါင့်သန်းရောဂါဖြစ် ရာဂဏန်းသေဆုံး

ဇွန်လ ၁၄ ရက်၊ ဟွမ်ဟိန်း။

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် အရှေ့ဘက်ရှိ မိုင်းယော်၊ မိုင်းကြတ်ဒေသတွင် ရာသီဥတု ပူပြင်းမှုကြောင့် ကျွဲနွားများကပ်ရောဂါကျကာ ရာဂဏန်း သေဆုံးခဲ့ကြောင်းသိရသည်။

နွေဥတုအတွင်း အပူချိန်မြင့်မားမှုကြောင့် သံလွင်မြစ်ဘေးရှိ မိုင်းယော်၊ မိုင်းဟက်၊ မိုင်းကြတ် နှင့် မန်မတ်ကျေးရွာအုပ်စုများဘက်တွင် ကျွဲနွားကပ်ရောဂါကျကာ ၂၁၀၇ မေ လ နှောင်းပိုင်း နှင့် ဇွန်လဆန်းအတွင်း ကျွဲနွားများ ရာဂဏန်းသေဆုံးနေကြောင်း၊ မိုင်းကြတ်၊ နောင်အော် ကျေးရွာ တခုတည်းပြင် ကျွဲ ၁၃၆ ကျော် နွားက ၉ ကောင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း မိုင်းကြတ်ဒေသခံ စိုင်းလုံက ပြောသည်။

“ ဇွန်လ ၁၁ ရက်နေ့ကစာရင်းကောက်ယူတာ။နောင်အော့ရွာမှာစဖြစ်တာ။ ကျွဲနွားတွေက အုပ်လိုက် မွေး တော့ တချို့အိမ်တွေဆိုရင် ၈ ကောင်၊ တခြားအိမ်ဆို ၉ ကောင်၊ တချို့အိမ်ဆို ၅ ကောင် အဲလိုတွေ သေတာ။ ဒီ ၆ လပိုင်း ၈ ရက်နေ့အထိ ကောက်ယူထားတဲ့ စာရင်းအရ ရာဂဏန်းရှိတယ်။ ၀မ့်လုံမိုင်းကြတ် အပိုင်းမှာ လဲများတယ်။ အရမ်းပူတော့ မိုင်းကြတ် မှာတောင်မထားရဲဘူးကျနော်တို့ကျွဲနွားတွေကို။ တခြား ကိုပို့ထားရတယ်။ ဒါမယ့်ကာကွယ်ဆေးတွေဘာတွေမထိုးရရင် အခြေအနေက စိတ်မချရ ဘူးလေနော် ” - ဟု စိုင်းလုံကပြောသည်။

မိုးဦးကျချိန်တွင်ကျွဲနွား တိရစ္ဆာန်များ ရောဂါကျကာ နှစ်စဉ်သေဆုံးမှုများရှိခဲ့သည်။ သို့သော်ယခင်နှစ်များက ယခုကဲ့သို့ အစုအပြုံလိုက် သေခြင်းမျိုးမရှိခဲ့ဖူးသဖြင့် ရွာသားများစိုးရိမ်ထိတ်လှန့်မှုဖြစ်ခဲ့ရကြောင်း မိုင်းယော် ဒေသခံ နန်းမွန်းက လည်းပြောဆိုပါသည်။

သူ့ရာသီကြောင့်သေတယ်ဆိုပေမယ့် ကျန်းမာရေးဌာနက လာရောက်ကြည့်ရှုဆေးကုပေးတာမရှိဘူး။ ကိုယ့်ဟာကိုဘဲ ရိုးရာနည်းနဲ့ဘဲ ဆေးကုပေးတယ်။ တိရစ္ဆာန်ဆရာဝန်တွေလည်းမလာဘူး၊ ဒီရွာတွေဘက် မှာ မရှိဘူးလေ - ဟု စိုင်းလုံက ဆက် လက်ပြောပြသည်။

ကျွဲနွားများသည် ညပိုင်း ညဦးပိုင်းတွင် သေဆုံးမှုများပြားကြောင်း၊ ကျွဲနွားများ သေဆုံးမှုလက်ခဏာမှာ အသက်ပြင်းပြင်းရှူခြင်း၊လူးလိမ့်ခြင်းခေါင်းခါယမ်းခြင်းတို့ပြုလုပ်ပြီး စမြုံ့ပြန်ကာ လဲကျသေဆုံးသွား ကြောင်းဆိုပါသည်။

ယမန်နှစ်က ကျွဲနွားကပ်ရောဂါ သို့မဟုတ် ဒေါင့်သန်းရောဂါ (ဒေသအခေါ် ကာလရောဂါ) ကို သျှမ်းပြည် အလယ်ပိုင်း ပင်လုံ ၊ လဲချား ၊ မိုင်းကိုင် ၊ ကျေးသီး ၊ မိုင်းရှူး ၊ သီပေါ ၊ မိုင်းရယ် နှင့် တန့်ယန်း မြို့နယ် ဒေသများတွင်အဖြစ်များပါသည်။

ကျွဲ၊ နွားတို့မှတစ်ဆင့် လူသို့ ကူးစက်တတ် သည့်ဒေါင့်သန်း ရောဂါသည် အပူပိုင်းဇုန်များတွင် အဖြစ်များပြီး ယင်းရောဂါကြောင့် သေဆုံးသည့် ကျွဲနွား သိုးဆိတ်တို့၏ အသားများကို စားသုံးမိသူ များမှာ အရေပြား အနာများဖြစ်ကာ အသက်သေဆုံးသည်အထိ ဖြစ်ပွားနိုင်သည် ဟု သိရသည်။

Last modified onWednesday, 14 ဇွန်လ 2017 18:05