ကုလလူ့အခွင့်အရေးအထူးကိုယ်စားလှယ်နှင့်ဒေသခံသျှမ်းလူငယ်တို့တွေ့ဆုံ

မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာကုလသမဂ္ဂ အထူးကိုယ်စားလှယ်မစ်ယန်ဟီးလီ နှင့် မြန်မာ နိုင်ငံလုံးဆိုင်ရာသျှမ်းလူငယ်ကွန်ရက် (TYN ) တို့ တစ်နာရီခန့် တွေ့ဆုံမှုပြုခဲ့ရာ သျှမ်းပြည်တွင်း လူ့အခွင့်အရေး ချိုးဖောက်ခံရမှု နှင့် ပတ်သက်ပြီးတင်ပြခဲ့ရကြောင်းသိရပါသည်။

ဂျူလိုင် ၁၅ ရက် မနက် ၉ နာရီ မှ ၁၀ နာရီ ထိ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ Golden Hill Hotel ၌ မြန်မာနိုင်ငံလုံးဆိုင်ရာ သျှမ်းလူငယ် ကွန်ရက် (TYN ) မှ ကိုယ်စားလှယ် ၅ ဦးနှင့်တွေ့ဆုံခဲ့ခြင်းဖြစ်ပါသည်။

“သျှမ်းပြည်တွင်း လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး သူ လာမေးတယ်။ ကျနော်တို့ ပြန်တင်ပြသွားတာကတော့ မနှစ်က မိုင်းယော်မှာ ဖြစ်ပျက်ခဲ့တဲ့အကြောင်း ကို တင်ပြတယ် ၊ သျှမ်းပြည်တွင်း လူ့အခွင့်အရေးချိုးဖောက်ခံနေရတာတွေပေါ့။ ခုဖြစ်နေတဲ့ နမ္မတူဘက်က တိုက်ပွဲတွေ စစ်ပြေးဒုက္ခသည်တွေ ခုထက်ထိ အိမ်မပြန်နိုင်သေးဘူး၊ ပြီးတော့ သျှမ်းပြည်ထဲမှာရှိတဲ့ ဘယ်တပ်တော်မတော် မဆို အားလုံးပေါ့ အဲ့ဒီတပ်မတော်တွေကြောင့် လူထုတွေ ထိခိုက်နစ်နာတာတွေ ရှိတယ်။ ကျနော်တို့ဆီမှာ ရှိတဲ့ အချက်လက်တွေကို တင်ပြသွားတယ်၊ ပြီးတော့ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ တွေ ဒါတွေက ပြည်သူတွေ လူ့အခွင့်အရေး ဆုံးရှုံးတဲ့နေရာတွေပေါ့ ဥပမာ နမ့်မလို နေရာမျိုး ၊ မိုင်းကိုင် ကျောက်မီးသွေးတူးတဲ့ နေရာလိုမျိုး ၊ ကျေးသီးဘက်က စစ်တပ်တွေ မြေနေရာ သိမ်းဆည်းထားတာ စတဲ့အချက်တွေကို တင်ပြတယ်”ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ သျှမ်းလူငယ်ကွန်ရက် (TYN) အလုပ်အမှုဆောင်အဖွဲ့ စိုင်းနော်ဆိုင် ကပြောသည်။

TYN မှ တင်ပြသွားသည့် သျှမ်းပြည်တွင်း လူ့အခွင့်အရေး ချိုးဖောက်ခံရမှု နှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ယန်ဟီးလီ က အစီရင်ခံစာ ပြုလုပ်ပြီး အစိုးရထံ ပြန်လည်တင်ပြမည်ဖြစ်ကြောင်း ပြောဆိုသွားသည်။

“နောက်တစ်ခု ကျနော်တို့ တင်ပြသွားတာက အရင်နှစ်က ဖြစ်သွားတဲ့ ကိစ္စ တိုင်းရင်းသား အစစ်မှန်မဟုတ်ဘဲ တိုင်းရင်းသားဝတ်စုံကို ဝတ်ပြီး ဆန္ဒတွေ ပြတဲ့ ပြဿနာတွေ၊ ခုတလောဖြစ်သွားတဲ့ မြန်မာရုပ်ရှင်မှာ ဝတ်စားဆင်ယင်လိုက်တဲ့ နာမည်ကြီး သရုပ်ဆောင်ကနေ တိုင်းရင်းသား ဝတ်စုံကို ရုပ်ပျက်ဆင်းပျက် ဝတ်ဆင်တာတွေ ၊ နောက်ထပ် ကျနော်တို့ တောင်းဆိုတာက ကျောင်းစာသင်ချိန်မှာ တိုင်းရင်းသားစာပေ သင်ကြားခွင့်ရှိဖို့ အစိုးရကို တောင်းဆိုပေးဖို့ ဒါတွေကို တင်ပြတယ်” ဟု စိုင်းနော်ဆိုင် ကပြောသည်။

မစ္စယန်ဟီးလီနှစ် မြန်မာနိုင်ငံလုံးဆိုင်ရာ သျှမ်းလူငယ် ကွန်ရက်တို့ယခုတွေ့ဆုံမှုမှာ ဒုတိယအကြိမ် တွေ့ဆုံမှု ဖြစ်ပါသည်။

မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ယန်ဟီးလီသည် ဂျူလိုင်လ ၁၀ ရက်နေ့မှ ၂၁ ရက်နေ့အထိ ရောက်ရှိနေမည်ဖြစ်ပြီး မြန်မာပြည်ဆိုင်ရာ လူ့အခွင့်အရေး အစီရင်ခံစာကို အောက်တိုဘာလ တွင် ကုလသမဂ္ဂသို့ တင်ပြမည်ဖြစ်သည်။