JMC အဆင့်ဆင့်တွင်ပါဝင်သောအရပ်သားကိုယ်စားလှယ်များပထမဆုံးအကြိမ်တွေ့ဆုံ

JMC အဆင့်ဆင့်တွင်ပါဝင်သောအရပ်သားကိုယ်စားလှယ်များတွေ့ဆုံပွဲအခမ်းအနား ပထမဆုံးအကြိမ်ကို ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC တွင် ၂ ရက်သာကျင်းပခဲ့ပါသည်။

ငြိမ်းချမ်းရေးစောင့်ကြည့်ရေးအတွက်ဖွဲ့စည်းထားသော JMC မှ ဒေသအဆင့်၊ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့်မှ အရပ်သားကိုယ်စား လှယ်များသီးသန့်ဆွေးနွေးပွဲကို ဇူလိုင်လ ၂၀ နှင့် ၂၁ တွင်ကျင်းပရာ လူအင်အား ၃၀ ခန့်ရှိကြောင်း ဒေသအဆင့် JMC လင်းခေးခရိုင် လင်းခေးမြို့နယ်မှ အရပ်သားကိုယ်စားလှယ် စိုင်းဘဟန်က သျှမ်းသံတော်ဆင့် အားပြောသည်။

အရပ်သားကိုယ်စားလှယ်တွေ စစချင်းတွေ့ဆုံတဲ့ တွေ့ဆုံပွဲဖြစ်တဲ့အတွက် ထွေထွေထူးထူးကြီးဆွေးနွေးပြီးဆုံးဖြတ်ချက်ချတာမျိုးတော့မရှိဘူး။ ဒါပေမယ့် ပဲခူး၊ ထားဝယ်၊ သျှမ်း အစရှိ ဒေသအသီးသီးကလာတဲ့ ကိုယ်စားလှယ်တွေက မိမိတို့ကြုံတွေ့ရတဲ့ ဒေသတွင်းအနေအထားတွေ အခြေအနေတွေကို ရှင်းပြကြတယ်။

ရှေ့ဆက်မှာ လက်တွဲလုပ်ဆောင်ဖို့ ဘာတွေရှိမယ်စတာတွေ ဆွေးနွေးကြတယ်။ ဒီတွေ့ဆုံပွဲကနေ ကျနော့အတွက်ရရှိတဲ့ အကျိုးကျေးဇူးတခုကတော့ ကျနော်တို့ဟာ ငြိမ်းချမ်းရေးစောင့်ကြည့်ဖို့ လူထုကိုကိုယ်စားပြုတဲ့ ကိုယ်စားလှယ် ဖြစ်တဲ့အတွက် ကျနော်တို့ လုပ်ရမယ့်ဟာကိုများများလေ့လာရမယ်။ငြိမ်းချမ်းရေးအတွက် ဘာလုပ်ရမလဲဆိုတာကို ပိုမိုသိရှိနားလည်လာတယ်။ သိလာတဲ့ဟာကို ဒေသတွင်း လူထုနဲ့ သွားတွေ့ဆုံပြီး ရှင်းလင်းပြသဖို့ အဓိက ဖြစ်တယ်။ တလတခါ လူထုနဲ့တွေ့ဆုံသွားဖို့ရှိပါတယ်။- ဟု လင်းခေးမြို့မှ အရပ်သားကိုယ်စားလှယ် စိုင်းဘဟန်ကပြောသည်။

အရပ်သား၊ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့နှင့် အစိုးရကိုယ်စားလှယ်တို့ ၃ ဘက် ၃ တန် လက်တွဲကာ အပစ်ရပ်ငြိမ်းချမ်းရေးစောင့်ကြည့်ဖို့အတွက် JMC ကို ပြည်ထောင်စုအဆင့်၊ ပြည်နယ်အဆင့်၊ ဒေသအဆင့်ဟူ၍ ဦးသိန်းစိန်အစိုးရလက်ထက် ကတည်းက ဖွဲ့စည်းခဲ့သည်။ သျှမ်းပြည်အတွင်း JMC-S ရုံးကို ရလခ တိုင်းရုံးအခြေစိုက် ခိုလမ်တွင်လည်းကောင်း ၊ JMC-L ရုံးကို လင်းခေးခရိုင်လင်းခေးမြို့နယ်တွင်လည်းကောင်း ဖွင့်လှစ်ထားသည်။

ယမန်နှစ်နှောင်းပိုင်းက ကျင်းပပြုလုပ်သော JMC အစည်းအဝေးအရ JMC-L ရုံးများကို ၁၀ ခုအထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းဆွေးနွေးဆုံးဖြတ်ထား သည်ဟုသိရသည်။

Last modified onMonday, 24 ဂျူလိုင်လ 2017 12:14