တပ်မဟာ ၄၆၈ ထိန်းချုပ်နယ်မြေအတွင်း UWSA ၀ တပ်ဖွဲ့မြို့သစ်တည် လားဟူရွာတရွာနှင့် တောင်သုံးလုံးဖြို

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့ အရှေ့မြောက်ဘက် ကီလိုမီတာ ၁၀၀ ကျော်ရှိ UWSA ၀ တပ်ဖွဲ့ တပ်မဟာ ၄၆၈ အခြေစိုက်ရာ မိုင်းပေါက်မြို့ အရှေ့ဘက်တွင် မြို့သစ်တည်ဆောက်ရန်အတွက် ကျေးရွာပြောင်းရွှေ့မှု ပြုလုပ်နေရကြောင်း စုံစမ်းသိရှိရသည်။

ဇူလိုင်လဆန်းပိုင်းက အဆိုပါစီမံကိန်းစတင်နေသည်ဖြစ်ရာ ရွာဖယ်ရှားခြင်း လယ်ယာမြေများသိမ်းပိုက် မြေဖို့ခြင်းများရှိသဖြင့် ကျေးလက်ရွာသားများအခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း ကျေးရွာအကြီးအကဲတဦးက ပြောသည်။

“မြို့ပြစီမံကိန်းလုပ်မယ်။ ခုလောလောဆယ်တော့ အိမ်ခြေ ၃၂ လုံးရှိတဲ့ ဂျတော်ခါး လားဟူရွာတရွာကို ဝ အာဏာပိုင်တွေက ပြောင်းရွေ့ခိုင်းနေတယ်။ ရွာသားတွေရဲ့ လယ်မြေကွက်တွေသိမ်းတယ်။ လက်မှတ်ထိုးခိုင်းပြီးတော့ကိုသိမ်းသွားတာ။ လွယ်စဝ်မိန်းတောင်အပါအဝင် အနီးအနားက ယာမြေတွေကို လျော်ကြေးမပေးဘဲ ဇူလိုင်လဆန်းပိုင်းက သိမ်းသွားတယ်။ ရွာသားတွေက မျက်ရည်မျက်ခွက်ဖြစ်နေတယ်ခု။ အခါရွာသားတွေပေါ့။ ”- ဟု ဒေသခံ ဦးအိုက်နပ်က ပြောသည်။

မိုင်းပေါက်အခြေစိုက် ဝ တပ်ရင်းမှူးတဦးဖြစ်သည့် အားဖုန်က ဒေသခံများ ခေတ်မှီနေထိုင်နိုင်ဖို့ မြို့ပြစီမံကိန်းကို မြေဧကပေါင်း ၃၀ဝ၀ ခန့်ရှင်းလင်းထားကြောင်း သျှမ်းသံတော်ဆင့်အား ပြောသည်။

လာမည့်နှစ်အတွင်း စတင်နေထိုင်နိုင်ဖို့အတွက် လက်ရှိတွင် တောတောင်ဖြိုဖျက်ကာ လယ်ယာမြေကွက်အတွင်း မြေဖို့မှုတွေများ စတင်လုပ်ဆောင်နေကြောင်းသိရပါသည်