NCA လက်မှတ်ထိုး နှင့် မထိုးသေးသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအား အစိုးရ ငြိမ်းချမ်းကိုယ်စားလှယ်တို့တွေ့ဆုံမည်

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် လာမည့်ရက်ပိုင်းအတွင်းအစိုးရ ငြိမ်းချမ်းရေးကော်မရှင် ကိုယ်စားလှယ် များက တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့ အပါအဝင် အပစ်မရပ်သေးသည့် UNFC ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီအဖွဲ့ဝင် ကိုယ်စားလှယ်များနှင့်တွေ့ဆုံမည်ဟုသိရသည်။

ဩဂတ်စ်လ ၃ ရက်နေ့အတွင် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့ကိုယ်စားလှယ် များအားလည်းကောင်း၊ ဩဂတ်စ်လ ၄ ရက်နေ့တွင် NCA အပစ်ရပ်စာချုပ်လက်မှတ်ရေးထိုထားခြင်းမရှိသေးသည့် UNFC အဖွဲ့ဝင်ကိုယ်စားလှယ်များအား အစိုးရ ငြိမ်းချမ်းရေးကော်မရှင် ကိုယ်စားလှယ်များက အသီးသီး တွေ့ဆုံဆွေးနွေးမှု ပြုလုပ် ကြမည်ဟု သိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး မြန်မာ့ငြိမ်းချမ်းရေးကို အထောက်ကူပေးနေသည့် ပြည်ထောင်စု အင်စတီကျူဒါရိုက်တာ ဦးခွန်စိုင်းက – “အဓိက ကတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အောင်မြင်အောင်ပေါ့။ အပစ်ရပ်ထားတဲ့ အဖွဲ့နဲ့ မရပ်သေးတဲ့ အဖွဲ့တွေလဲဒီကနေ့ တွေ့ဆုံဆွေးညှိနှိုင်းကြတယ်။ PC နဲ့ တွေ့ဆုံရင် ဘယ်လိုဆွေးနွေးကြမလဲ ဆိုတာ” – ဟု သျှမ်းသံတော်ဆင့်သို့ ပြောသည်။

အစိုးရ ငြိမ်းချမ်းရေးကော်မရှင်တွင် ဗိုလ်ချုပ်ခင်ဇော်ဦး၊ ဦးအောင်ကြည်၊ ဒေါက်တာမင်းဇော်ဦး၊ ဦးလှမောင်ရွှေနှင့် ဦးကျော်လင်းဦးတို့ ပါဝင်မည်ဖြစ်သည်။

တနိုင်ငံလုံးအပစ်အခတ်ရပ်စဲစာချုပ် လက်မှတ်ရေးထိုးထားသည့် အဖွဲ့ ၈ ဖွဲ့မှာမူ၎င်းတို့ဖွဲ့စည်း ထားသည့် ငြိမ်းချမ်းရေးလုပ်ငန်း စဉ်အလုပ်အဖွဲ့ PPWT ခေါင်းဆောင် ဗဒိုစောကွယ်ထူးဝင်းက ဦးဆောင်မှာဖြစ်ပြီး၊ အပစ်အခတ် လက်မှတ်ရေးထိုးထားခြင်းမရှိသေးသည့် UNFC က ၄င်းတို့ဖွဲ့စည်းထားသည့် နိုင်ငံရေးဆိုင် ရာဆွေးနွေးညှိနိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ DPN ခေါင်းဆောင် ခူးဦးရယ်က ဦးဆောင်ကာ တွေ့ဆုံကြမည်ဖြစ်သည်။