အသိမ်းခံရလယ်ယာမြေများပြန်လည်ရရှိရေး ရှမ်းပြည်နယ်လွှတ်တော်တိုင်ကြားစာ စီစစ်ရေးကော်မတီနှင့် တောင်သူလယ်သမားများ တောင်ကြီးမြို့တွင်တွေ့ဆုံ

သျှမ်း(ရှမ်း)ပြည်နယ်လွှတ်တော်တိုင်ကြားစာ စီစစ်ရေးကော်မတီနှင့် တောင်သူလယ်သမား၊ ပြည်သူလူထုများတွေ့ဆုံကာ အသိမ်းခံရလယ်ယာမြေများ စုပေါင်းတောင်းဆိုသွားကြမည့်အကြောင်းဆွေးနွေးခဲ့သည်ဟု သိရသည်။

သြဂုတ်လ ၂၉ ရက်နေ့က တောင်ကြီးမြို့ ၊ အောင်မြေဘုံစံ ကျောင်းတိုက်တွင် တွေ့ဆုံပွဲကျင်းပခဲ့ပြီး သျှမ်းပြည် နယ်တောင်ပိုင်းရှိ မြို့နယ်ပေါင်း ၇ မြို့ နယ်မှ မြေယာသိမ်းဆည်းခံ တောင်သူပေါင်း ၁၅၀ ခန့်တက်ရောက် ခဲ့သည်ဟုသိရသည်။

အဆိုပါတွေ့ဆုံပွဲကို သျှမ်းပြည်နိုင်ငံရေးအဖွဲ့မှ စီစဉ်ကျင်းပခြင်းဖြစ်ပြီး ၄င်းအဖွဲ့မှ ဦးတင်မောင်တိုးက " အဓိက ကတော့ ပြည်နယ်အစိုးရပဲ ၊ ပြည်နယ်အစိုးရအနေနဲ့ တောင်သူတွေကို တကယ်စေတနာထားပြီး ဖြေရှင်းပေး မယ်ဆိုရင် ပြီးသွားနိုင်တဲ့အမှုတွေက အများကြီးပဲ ၊ ဒါပေမဲ့ အချိန်မပေးဘူး ကွင်းမဆင်းဘူး ဖြစ်နေတယ် ။ အစိုးရကိုလည်း ကျနော်တို့က လယ်ယာမြေကိစ္စကို ဦးစားပေးဖြေရှင်းစေချင်တယ် ။ အဲ့ဒီအတွက်နဲ့ ကျနော် တို့ လွှတ်တော်ကိုအကူအညီတောင်းတယ်။ လွှတ်တော်က ရေးရာကော်မတီနှစ်ခုက လည်းသူတို့ကူညီမယ်။ တောင်သူတွေနဲ့တွေ့ပေး ပါမယ်ဆိုပြီးတော့ ကျနော်တို့ ဒီပွဲလေးကို စီစဉ်ပေးဖြစ်တာပါ " ဟု ပြောသည် ။

ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် PNO က သိမ်းဆည်းထားသော တောင်ကြီးမြို့နယ် ထီဖောင်းကျေးရွာအုပ်စုနှင့် ဖာမွန်းကျေးရွာ ရှိရွာပေါင်း ၈ ရွာ မှစိုက်ပျိုးမြေ ဧကပေါင်း ၁၇၀၀ ခန့်အား မူလပိုင်ရှင်များထံလွတ်လပ်စွာ စိုက်ပျိုးလုပ်ကိုင်ခွင့်ရရှိရန် တောင်းဆိုတင်ပြသွားမည်ဟု မြေယာသိမ်းဆည်းခံရသည့် ၊ တောင်ကြီးမြို့နယ် ညိုမီးကျေးရွာမှကိုမောင်အေးကပြောသည် ။

ဆက်လက်၍ ၄င်းက " လက်ရှိအခြေ အနေကတော့ သူတို့ရောင်းစားထား တာတော် တော်များနေပြီ။ နစ်နာ ကြေးလဲမရဘူး ၊ ခုလဲ ကုမ္ပဏီတစ်ခုကို ဧက တစ်ရာကျော်ရောင်း လိုက်ပြီလို့ကျ နော်တို့သိထားတယ် ၊ ကျနော့သိမ်းဆည်းခံရတဲ့မြေဧက ၄၀ ကျော်ပါ တယ် ၊ တကယ့် နစ်နာတဲ့ မူလပိုင်ရှင်တွေဆီ မြေတွေပြန်ရ စေချင်ပါတယ်" ဆိုသည် ။

တောင်ကြီး ၊ ညောင်ရွှေ ၊ ဟိုပုံး ၊ ပင်းတယ ၊ ရွာငံ ၊ ကလော ၊ ဆီဆိုင် စသည့် (၇) မြို့နယ်မှ တင်ပြလာ သောမြေယာအမှုပေါင်း (၄၀) ကျော်ခန့်ရှိပြီး အဆိုပါများအား အများဆုံးသိမ်းဆည်းသည့် အဖွဲ့အစည်းမှာ တပ်မတော် ၊ ဒုတိယအများဆုံးမှာ ကုမ္ပဏီ ၊တတိယ အဆင့် ဌာနဆိုင်ရာနှင့် ဌာနေပြည်သူ့စစ်အဖွဲ့အစည်းများဖြစ် သည်ဟု ဦးတင်မောင်တိုး ကပြောသည် ။

အဆိုပါတွေ့ဆုံပွဲတွင် သျှမ်းပြည်နယ်လွှတ်တော်မှ တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်းချမ်းရေးကော်မတီမှ ဦးစိုင်းလုံ (နမ့်စန်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်) နှင့် ဦးစိုင်းမျိုးမြင့် (မိုးနဲမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ) တို့က တက်ရောက်ခဲ့ပြီး တောင်သူများ တင်ပြလာသောအချက်အလက်များ မှတ်တမ်းတင်ကောက်ယူသွားသည်ဟု သိရသည်။