ထိုင်း - ရှမ်း နယ်စပ် စစ်ဘေးရှောင်ဒုက္ခသည် ၆ ထောင်ကျော် ထမင်းငတ်ဖွယ်ရှိ

နိုင်ငံတကာအဖွဲ့အစည်းများမှ ကူညီထောင်ပံ့ပေးနေသည့် အခြေခံစားနပ်ရိက္ခာများ ဖြတ်တောက်ခံ ရမည်ဖြစ်သည့်အတွက်လာမည့် အောက်တိုဘာလအတွင်း ထိုင်း - သျှမ်း နယ်စပ်ရှိ စစ်ဘေးရှောင် ဒုက္ခသည် ၆ ထောင်ကျော် ဆန်၊ ဆီ၊ ဆား ပြတ်လပ်ဖွယ်ရှိကြောင်း ချင်းမိုင်တက္ကသိုလ် နိုင်ငံရေးသိပ္ပံဆောင်တွင် သြဂုတ် ၃၀ ရက်နေ့ က ဟောပြောပွဲ ပြုလုပ်ခဲ့သည်။

ယမန်နေ့ မွန်းလွဲပိုင်းတွင် တက္ကသိုလ်ဆရာများ ကမကထ ပြုကျင်းပသည့် အဆိုပါ စီမီနာသို့ တက္ကသိုလ် ဆရာ ဆရာမများ၊ ကျောင်းသူ ကျောင်းသားများ၊ သံတမန်များ စိတ်ဝင်စားသူများ စုစုပေါင်း ၄၀၀ ထက်မနည်း တက်ရောက်ခဲ့သည်။ အဆိုပါ အခမ်းအနားသို့ဒုက္ခသည် စခန်းကော်မတီများလည်း တက်ရောက် ဟောပြောခဲ့သည်ဟု သိရသည်။

ထို့အတူ ဩဂုတ်လ ၂၆ ရက် နံနက်ပိုင်းပိုင်းကလည်း သျှမ်း(ရှမ်း)ပြည်အရှေ့ပိုင်းတာချီလိတ်ခရိုင် ၊ မိုင်းဆတ် ခရိုင် နှင့် လင်းခေးခရိုင် အတွင်း - ထိုင်းနယ်စပ် တကြောနေ လွိုင်လမ်၊ လွိုင်ဆမ်ဆစ်၊ လွိုင်ကော် ဝမ်း၊ လွိုင်တိုင်းလျဲန်း၊ ကုန်းကျော် နှင့် ကောင်းမုန့်မိန်း ဒုက္ခသည်စခန်းများမှ ဒုက္ခသည် ၆၀၀၀ ကျော်က စားနပ်ရိက္ခာထောက်ပံ့မှုဆက်ရရှိရေး၊ မြန်မာအစိုးရ တပ်မတော်အင်အားဖြည့်တင်းမှုရပ်တန့်ရေး၊ ထိုးစစ်ဆင်နေမှုရပ်တန့်ရေး၊ လူ့အခွင့်အရေးချိုးဖေါက်မှုများ ရပ်တန့်ရေး အစရှိအရေးများတောင်းဆိုကာ စခန်းအသီးသီးတွင် ဆန္ဒထုတ်ဖော်တောင်း ဆိုမှုပြုခဲ့ကြပါသေးသည်။

“ကျနော်တို့က နေရပ်ပြန်နေဖို့မလွယ်သေးဘူး၊ ဗမာတပ်က အင်အားဖြည့် လှုပ်ရှားနေတုန်း၊ အပစ်ရပ် ထားတဲ့ RCSS နဲ့လဲ တိုက်ပွဲကရှိနေသေးတယ်။ ရိုက်နှက် ဖမ်းဆီးမှုတွေလဲရှိနေသေးတယ်ဆိုတော့ ဒီကိစ္စ ရပ်တန်းက ရပ်ပေးပါ။ နောက် တခုက - လက်ရှိ ကျနော်တို့နေတဲ့ နေရာက စိုက်ပျိုးရေးလုပ်ငန်း လုံးဝမဖြစ် ထွန်းဘူး။ ကျနော်တို့ကို ကူညီပေးနေတဲ့ ဆန် ဆီ ဆားတွေ ဖြတ်တော့မယ်ပြောနေတာလေ။ ဒါကြောင့် ကျနော်တို့ ဆန္ဒထုတ်ဖေါ် တောင်းဆိုရတာဖြစ်တယ်” - ဟု ကုန်းကျော် သျှမ်းဒုက္ခသည်စခန်းနေ အသက် ၄၀ အရွယ်ရှိ စိုင်းမြက ပြောသည်။

နိုင်ငံတကာအလှူရှင်များက သျှမ်းဒုက္ခသည်စခန်းများအား ရိက္ခာဖြတ်တောက်မှုပြုလုပ်ပါက စခန်းမှတခြား ဒေသ သို့သွားရောက်အလုပ်လုပ်ကိုင်ခွင့်မရှိသည့် ဒုက္ခသည်များမှာ အခက်အခဲများနှင့်ရင်ဆိုင်ရမည်ဖြစ်ကြောင်း၊ စခန်း များမှာ တောကြိုတောင်ကြောများတွင်တည်ရှိနေသဖြင့် စီးပွါးဖြစ် လယ်ယာမြေ စိုက်စားလို့မရကြောင်း၊ တဖက်တွင် ဒုက္ခသည်များ၏ ကျောင်းနေအရွယ်ကလေးများအတွက် အဟာရဖြစ်စေမည့်အစားအစာများ ၊ သင်ထောက်ကူ ပစ္စည်းများ ပြတ်တောက်မည်ဖြစ်ပြီး စခန်းတွင်း ကျန်းမာရေးဆေးပေးခန်းများလည်း ဆေးဝါးများအခက် အခက် အခဲရှိမည်ဖြစ်ကြောင်း စခန်းကော်မတီများ ပြောပြချက်အရသိရသည်။

ပြည်ပအလှူရှင်များသည် သျှမ်းဒုက္ခသည်စခန်း ၆ ခုအား ယခုနှစ် အောက်တိုဘာလကစပြီး ရိက္ခာထောက်ပံ့နေမှုများ အားလုံးဖြတ်တောက်မည်ဟုလည်း အကြောင်းကြားပြောဆိုထားသည်ဟုသိရသည်။

“ကျနော်တို့ကို အဓိက ကူညီပေးနေတာက TBC ဖြစ်ပါတယ်။ ကူညီပေးတဲ့အတွက်လဲ ကျေးဇူးတင်တယ်။ ကျနော်တို့ စားနပ်ရိက္ခတွေ တလနည်းနည်းစီဖြတ်လာနေတာ။ စားဖို့က ဆန်မလောက်တဲ့ကြား လာမည့်အောက်တိုဘာက စပြီး ထောက်ပံ့မှုအားလုံး ရပ်လိုက်တော့မယ် ဆိုတော့ ကျနော်တို့တွေ အခက်အခဲ အရမ်းဖြစ်သွာမယ်” - ကော်မတီအကြီးအကဲ လုံးစိုင်း က ပြောသည်။

သျှမ်း - ထိုင်း နယ်စပ်တွင် စစ်ဘေးစစ်ဒဏ် ခိုလှုံနေသည့် စခန်း ၆ ခုမှ သျှမ်းပြည်စစ်ဘေးရှောင်ဒုက္ခသည် ၆၂၀၀ ကျော်သည် ၁၉၉၆-၉၇ ခုနှစ်က အစိုးရတပ်မတော်မှ အတင်းအဓမ္မနေရာပြောင်းရွှေ့ခိုင်းမှု၊ လူ့အခွင့်အရေးချိုးဖောက်မှု၊ ဖမ်းဆီးရိုက်နှက်ပေါ်တာဆွဲမှု၊ မုဒိန်းကျင့်သတ်ဖြတ်မှုတို့ကြောင့် နေရပ်စွန့်ခွါထွက်ပြေးကြရသည့် သျှမ်းပြည် အလယ်ပိုင်းနေ ဒေသခံ ၃ သိန်းကျော်မှ နယ်စပ်တွင် ခိုလှုံနေကြသူများဖြစ်ပါသည်။ ထိုစဉ်ကာလ မြန်မာ့တပ်မတော်က ရွာများအား ဖျက်ဆီးပစ်ခြင်း၊ မီးတင်ရှို့ခြင်းကြောင့် ရွာပေါင်း ၁၄၀၀ ကျော်ပျက်သုဉ်းသွားခဲ့ရသည်ဟု ယမန်နေ့က သျှမ်းလူ့အခွင့်အရေးမဏ္ဍိုင်ကထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖေါ်ပြထားသည်။

အခက်အခဲ ကြုံတွေ့မှုကြောင့် ဆန္ဒထုတ်ဖေါ်ကြသည့် သျှမ်းဒုက္ခသည်များသည် UNHCR မှ ၎င်းတို့အား ဒုက္ခသည်အဖြစ်အသိအမှတ်ပြုခြင်း၊ လူသားစာနာထောက်ထားမှု ကူညီစောင့်ရှောက်မှုအကာအကွယ်ပေးမှုများ လုံးဝမရှိခဲ့ဟု ဒုက္ခသည်စခန်းက ဆရာမခမ်းယိင်းက ပြောသည်။