RCSS/SSA သတင်းမပေးလို့ အဖမ်းခံထားသည့် ရွာသားများ ဟိုပုံးမြို့တွင် ရုံးတင်စစ်ဆေးသွားမည်

ဇူလိုင်လလယ်ပိုင်းတွင် အစိုးရတပ်မတော်မှ ဖမ်းဆီးထိန်းသိမ်းထားသည့် ကျေးလက်ရွာသားများနှင့် ရွာသူကြီးများကို လာမည့် စက်တင်ဘာ ၈ ရက်နေ့တွင် ရုံးတင်စစ်ဆေးသွားမည်ဟု သိရသည်။

စိုင်းစိန္တာ (၂၈) နှစ်၊ စိုင်းကို၊ စိုင်းဩဏ (၄၀) နှစ်တို့အား ပုဒ်မ ၃/၃ နှင့် ပုဒ်မ ၅/၄ တို့ဖြင့် အစိုးရတပ်မတော်ဘက်မှ တရားစွဲဆိုထားခဲ့သည်။

“ကျနော့်ကို RCSS/SSA သျှမ်း(ရှမ်း)သူပုန်သတင်းလာမေးတယ်။ ကျနော်လဲ ပြောတယ်။ လွန်ခဲ့တဲ့ သုံးရက် လောက်ကတော့ ဒီရွာထဲ လာတယ်လို့ပြော တယ်။ အခုဘယ်မှာလဲ လို့ပြန်မေးတယ်။ မသိတော့ဘူး လို့ ပြန်ဖြေတော့ ဆွဲထိုးတယ်၊ ဝိုင်းကန်တယ်။ ပြီးတော့ ကျနော်တို့တွေကို ဖမ်းခေါ်သွားတော့ တာဘဲ။ စိုင်းဩဏ တို့ စိုင်းစိန္တာ တို့ကိုလည်း ဒီအတိုင်းဘဲ ဖမ်းသွားတာနေမှာပေါ့”  လို့ အဖမ်းခံရ ပြန်လွှတ်လာတဲ့ ရွာသား ၇ ဦးအနက် တဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ပုဒ်မ ၃/၃ နှင့် ပုဒ်မ ၅/၄ သည် " စစ်ဖက်ဆိုင်ရာ အမိန့်ထုတ်ပြန်နိုင်ခွင့်ရှိသောပုဂ္ဂိုလ်က စစ်ဆင် ရေးနယ်မြေဖြင့် သတ်မှတ် ထားသောနယ်မြေအတွင်းသို့ အခွင့်အမိန့်မရှိဘဲ သွားလာခြင်း၊ နေထိုင်ခြင်း၊ ကျော်ဖြတ်ခြင်း ပြုလုပ်သည့်သူက အဲဒီ ပုဒ်မ ထိမယ်။ ထောင်ဒဏ် ၃ နှစ်အထိ သို့မဟုတ် ငွေဒဏ်၊ သို့မဟုတ် ထောင်ဒဏ်ငွေဒဏ် နှစ်ရပ်စလုံးသတ်မှတ်နိုင်တယ် "ဟု အမှုလိုက်ပေးနေတဲ့ ရှေ့နေ စဝ်မြ၀တီက ပြောကြားခဲ့သည်။

“နေရာဒေသ အသီးသီးကနေ ရွာသားတွေကို တပ်မတော်က ဖမ်းထားတာ အများကြီးဘဲ။ ကျနော်တို့ စာရင်းထဲမှာ ကျန်နေတာက ၈ ယောက်၊ ဟိုပုံးမြို့မှာ ၃ ယောက်။ သူတို့တွေ အားလုံး ပြန်လွှတ်ပေးဖို့ ကျနော်တို့ အနေနဲ့လဲ JMC ကို တင်ပြထားတယ်” ဟု တောင်ကြီးမြို့ သျှမ်းပြည်တပ်မတော် RCSS/SSA ရုံး အရာရှိ ဒုတိယဗိုလ်မှူးကြီးစိုင်းဦး က ပြောသည်။

ဇူလိုင်လ ၁၇ ရက်နေ့တွင် ဟိုပုံးမြို့နယ် နောင်မွန်တိုက်နယ် နမ့်ခုတ် ရွာသားများဖြစ်ကြသည့် စိုင်းစိန္တာ၊ စိုင်းကို၊ စိုင်းဩဏတို့နှင့်အတူ နန်းပွင့်၊ စိုင်းဝိယ၊ စိုင်းကမ်၊ စိုင်းနန္တိ၊ စိုင်းပန္တ၊ စိုင်းခေါင်နှင့် စိုင်းထွန်းငွေ တို့ကို အစိုးရတပ်မတော် ခြေလျင်တပ်ရင်း (ခလရ) အမှတ် ၂၂၅ နဲ့ ၂၄၉ တို့မှ ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်သည်။

သျှမ်းပြည်တပ်မတော် RCSS/SSA ဟာ အစိုးရ တပ်မတော် နဲ့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးထားတဲ့ သျှမ်းလက်နက်ကိုင်တပ် တခုဖြစ်သည်။