မူးယစ်ဆေးဝါးဆန့်ကျင်တိုက်ဖျက်ရေး အထိန်းအမှတ်အဖြစ် လားရှိုးမြို့နယ်အတွင်း ရှမ်းလူငယ်ဘောလုံးအသင်း ၂၀ ကျော် ပြိုင်ပွဲကျင်းပမည်

ဒေသတွင်းလူငယ်များ မူးယစ်ဆေးဝါးနှင့်ကင်းဝေးစေရေး အတွက်ရည်ရွယ်ကာ သျှမ်း(ရှမ်း)ပြည်မြောက်ပိုင်း လားရှိုးမြို့နယ်အတွင်း သျှမ်းလူငယ်ဘောလုံးအသင်းအဖွဲ့ ၂၀ ကျော် ကျေးရွာအုပ်စုများအဆင့် ပြိုင်ပွဲကျင်းပမည်ဖြစ်ကြောင်းသိရသည်။

လူငယ်များဘော်လုံးပြိုင်ပွဲကျင်းပရေးကော်မတီမှ ပထမအကြိမ် အဖြစ်ယှဉ်ပြိုင်ကျမည့် ကျေးရွာအုပ်စုအလိုက် ဘော်လုံးပြိုင်ပွဲကို စက်တင်ဘာလ ၂၅ ရက်နေ့ လားရှိုးမြို့ ၁၂ ရပ်ကွက်ရှိ ပြည်သူ့အားကစားကွင်း ဘောလုံး ကွင်းတွင်ပြုလုပ်ကျင်းပမည်ဖြစ်ကြောင်းသိရသည်။

“ဟုတ်ပါတယ်။ လားရှိုးမြို့နယ်ထဲက ကျေးရွာအုပ်စုလိုက် ဘော်လုံးအသင်းတွေ ပြိုင်ကြမယ်။ စာရင်းလာပေးတာလဲ ၄-၅ အုပ်စုရှိပြီ။ ၂၅ ရက်နေ့မှ ပြိုင်ပွဲကျင်းပမယ်ဆိုတော့ လေ့ကျင့်ချိန် ရက် ၂၀ လောက်ရှိနေတယ်လေ။ ဆုကလည်း ကျင်းပရေးကော်မတီကဘဲ ပေးမှာပါ။ ပြိုင်ပွဲ ၀င်ဖို့ မြို့တွင်းရပ်ကွက် နဲ့ဆို အသင်းပေါင်း ၂၀ လောက်ရှိမယ် ”- ဟု ဦးဆောင်ကော်မတီအဖွဲ့မှ့လူငယ် နန်းဖူးစာ ကသျှမ်းသံတော်ဆင့်အားပြောပြသည်။

ပြိုင်ပွဲကျင်းပရေးကော်မတီကိုပြီးခဲ့သည့် ၄ ရက်နေ့က နိုင်ငံရေးပါတီ၊ လူမှုအခြေပြုအဖွဲ့အစည်း၊ သျှမ်းလူငယ်မှ ကိုယ်စားလှယ်များကတွေ့ဆုံကာစုပေါင်း ဖွဲ့စည်းခဲ့သည်။

လားရှိုးမြို့TYO လူငယ်အဖွဲ့ခေါင်းဆောင်တဦးဖြစ်သော စိုင်းဟန်က “ခုတော့အုပ်စုအဆင့်ပြိုင်မှာပါ။ အဲဒီကရ လာတဲ့အတော်ဆုံးအဖွဲ့ကို ခရိုင်အဆင့်၊ မြောက်ပိုင်းကိုယ်စားပြုအဆင့် သျှမ်းပြည်နယ်အဆင့်ဆိုပြီး တဆင့်ပြီးတဆင့် ပြိုင်ပွဲတွေလုပ်နိုင်အောင်ကြိုးစားသွားပါမယ်။ ” ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

လက်ရှိပြိုင်ပွဲတွင် လားရှိုးမြို့နယ်အတွင်း စဥ့်အိုင်အုပ်စု၊ နောင်မွန်အုပ်စု၊ အီနိုင်းအုပ်စု၊ မိုင်းယန်းအုပ်စု၊မောက်တောင်းအုပ်စု၊ ပုန်းထွန်အုပ်စု၊ နမ့်ပေါင်အုပ်စု၊ ဟိုပိတ်အုပ်စု၊ မိုင်းယော်အုပ်စု၊ ဟန်နားအုပ်စု၊ ၀မ့်ပျန့်အုပ်စု၊ မိန်းတင်အုပ်စု၊ နမ့်ပူအုပ်စုတို့မှ ၀င်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပါသည်။

ဒေသတွင်းလူငယ်များ မူးယစ်ဆေးဝါးနှင့်ကင်းဝေးစေရန်၊ အကျင့်စာရိတ္တကောင်းမွန်စေရန်၊ ကျန်းမာသန်စွမ်းစေရန်၊ အားကစားစိတ်ဓါတ်ရှင်သန်စေရန်၊ ထူးချွန်စေရန်၊ ရိုင်းပင်းကူညီတတ်စေရန်၊ ဒေသရပ်ရွာအကျိုးဝိုင်းဝန်းသယ်ပိုးတတ်စေရန် ရည်ရွယ်ကြောင်းသိရပါသည်။

လားရှိုးမြို့ ဘောလုံးပြိုင်ပွဲကျင်းပရေးကော်မတီတွင် ဥက္ကဌအဖြစ် စိုင်းထွန်းတင်၊ဒုဥက္ကဌအဖြစ် စိုင်းဝန်းနောင်၊ စိုင်းမြင့်သိန်း၊ စိုင်းနီတွတ်တို့ဖြစ်ပြီး အလုပ်အမှုဆောင်စုစုပေါင်း ၃၀ ဦးရှိကြောင်းသိရပါသည်။

Last modified onThursday, 07 စက်တင်ဘာလ 2017 12:17