၂၁၁၂ ခု ရှမ်းနှစ်သစ်ကူးပွဲတော်အား ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် အကြီးအကျယ်ကျင်းပရန်ရန်စီစဉ်နေ

လာမည့် နိုဝင်ဘာလတွင်ရောက်လာမည့် ၂၁၁၂ ခု သျှမ်းနှစ်သစ်ကူးပွဲတော်အား သျှမ်း(ရှမ်း)ပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် အကြီးအကျယ်ကျင်းပနိုင်ရန်စီစဉ်နေကြကြောင်းသိရသည်။

စက်တင်ဘာလ ၂ ရက်နေ့က ကျိုင်းတုံမြို့ သျှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းက ဒေသတွင်းရပ်မိရပ်ဖတချို့နှင့် မိုင်းပြင်းကျောင်းတိုက်တွင်တွေ့ဆုံကာ လာမည့်နိုဝင်ဘာလတွင် သျှမ်းနှစ်ကူးပွဲတော်အထူးကျင်းပရန် ဆွေးနွေးခဲ့ကြကြောင်းသိရသည်။ တွေ့ဆုံပွဲတွင်တက်ရောက်ဆွေးနွေးသူ ၄၄ ဦးရှိကြောင်းဆိုပါသည်။

သျှမ်းပြည်ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဖော်ထုတ်ထိန်းသိမ်းရေး(ကျိုင်းတုံ)အသင်းဒုအတွင်းရေးမှူး စိုင်းဆာမ်တစ်ဆေက- ကျနော်တို့ ၃ နှစ်တကြိမ် စုပေါင်းကျင်းပတဲ့ပွဲမဟုတ်ပါဘူး။ ကျိုင်းတုံမြို့နယ် အတွက်ဘဲဖြစ်ပါတယ်။ နိုဝင်ဘာလနှောင်းပိုင်းမှာကျင်းပဖို့လျာထားတယ်။ ဘာလို့လဲဆိုတော့ နတ်တော်လဆန်းပိုင်းမှာ ကျနော်တို့မြို့နယ်ထဲက ဟိုခုံကျောင်းဆရာတော် ဘုရားကိုဂုဏ်ပြုပွဲနဲ့တိုက်နေလို့ သျှမ်းနှစ်သစ်ကူးပွဲကျင်းပလို့မရဘူး။ ကျနော်တို့ဒီနှစ်ပွဲတော်ကို အကြီးအကျယ်လုပ်ဖို့ရှိပါတယ်။ -ဟု သျှမ်းသံတော်ဆင့်အားပြောဆိုသည်။

လာမည့် စနေနေ့စက်တင်ဘာလ ၉ ရက်နေ့တွင် ထပ်မံဆွေးနွေးကြမည်ဖြစ်ပြီး ပွဲတော်ကျင်းပမည့်ရက်အကြောင်းနှင့် သျှမ်းစာပေနှင့်ယဉ်ကျေးမှုကော်မတီ(ကျိုင်းတုံ)၏ ဥက္ကဌသစ်ရွေးချယ်ရန်အကြောင်းတို့ကို ဆွေးနွေးမည်ဖြစ်ကြောင်း ဆိုပါသည်။

မြန်မာနိုင်ငံတ၀ှမ်းလုံးမှ သျှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းများကစုပေါင်းကျင်းပသည့် သျှမ်းနှစ်သစ်ကူးပွဲတော်ကြီးမှာ ခရစ်နှစ် ၂၀၁၂ ခုနှစ်က ပထမအကြိမ်ကျိုင်းတုံမြို့တွင်ကျင်းပခဲ့ပြီး ၂၀၁၄ ခုနှစ်က ဒုတိယအကြိမ် တောင်ကြီးမြို့တွင်ကျင်းပခဲ့သည်။ ၂၀၁၆ ခုနှစ်တွင်လားရှိုးမြို့တွင်ကျင်းပရန် စီစဉ်ထားသော်လည်း မကျင်းပဖြစ်ခဲ့ပေ။

Last modified onThursday, 07 စက်တင်ဘာလ 2017 12:18