JMC-S အနေနှင့် အောက်ခြေအထိကွင်းဆင်းနိုင်မှသာ တိုက်ပွဲများ လျှော့ကျနိုင်ဟုဆို

JMC-S အနေနှင့် အပေါ်ယံတွေ့ဆုံပွဲသက်သက်မဟုတ်ပဲ အောက်ခြေအထိ ကွင်းဆင်းလေ့လာလုပ်ဆောင်နိုင်မှသာလျှင် NCA စာချုပ်တွင် လက်မှတ်ထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်နှင့်တပ်မတော်ကြား တိုက်ပွဲများရပ်တန့်နိုင်ရေး ပိုမိုထိရောက်မည်ဟု သျှမ်း(ရှမ်း)တိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ၏ ဟိုပုံးမြို့နယ် အလုပ်အမှုဆောင်အဖွဲ့မှ စိုင်းနော်အောင်က ပြောသည်။

သျှမ်းပြည်နယ် ပစ်ခတ်တိုက်ခိုက်ရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-S အနေနှင့် ဟိုပုံးမြို့နယ် လူထုတွေ့ဆုံပွဲကို စက်တင်ဘာ ၆ ရက်နေ့က ဟိုပုံးမြို့နယ် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးခန်းမ တွင် ကျင်းပခဲ့သည်။

” JMC-S က သူတို့လုပ်တာ အထက်ပိုင်းတော့အကုန်ပြေလည်တယ် ၊ ဒါပေမဲ့ ပြဿနာကတော့ ဒီအောက်ပိုင်းမှာ အထင်လွဲမှုတွေရှိတယ်၊ အောက်ခြေအထိ ကွင်းမဆင်းပဲ အပေါ်ယံတွေ့ဆုံပွဲတွေလာလုပ်တယ် ၊ လူထု အခက်အခဲကိုလာနားထောင်တယ် ၊ ဒီလောက်နဲ့ပဲဆိုရင်တော့ JMC-S မှမဟုတ်ဘူး တစ်ခြား အဖွဲ့အစည်း ထပ်လာလဲ တပ်မတော်နဲ့တိုင်းရင်းသားလက်နက်ကိုင်ကြားတိုက်ပွဲမကြာခဏဖြစ်နေဦးမှာပဲ ” ဟု သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ၏ ဟိုပုံးမြို့နယ် အလုပ်အမှုဆောင်အဖွဲ့မှ စိုင်းနော်အောင်က ပြောသည်။

ပြည်သူလူထုအား ညှင်းပမ်းနှိပ်စက်မှုများရှိလျှင်တိုင်ကြားနိုင်ရန် JMC-S မှ လမ်းဖွင့်ပေးခဲ့သော်လည်း လက်ရှိတိုက်ပွဲများဖြစ်ပွားရာ ဒေသခံတိုင်းရင်းသားပြည်သူများ အနေနှင့် ယင်းအပေါ် ယုံကြည်မှုနည်းပြီး အကြောက် တရားများကျန်ရှိနေသောကြောင့် JMC-S အနေဖြင့် အောက်ခြေအထိ ထိထိရောက်ရောက် ဆောင်ရွက်ပေး စေလိုကြောင်း ဦးစိုင်းနော်အောင်က သျှမ်းသံတော်ဆင့်သို့ ပြောသည်။

ဟိုပုံးမြို့နယ်၊ နားပုံကျေးရွာအုပ်စု ၊ နမ့်ခုတ်ကျေးရွာတွင်နေ ထိုင်သော ဒေသခံ(၁၀) ဦးအား ဂျူလိုင်လ ၁၈ ရက်နေ့က တပ်မတော်စစ်ကြောင်းမှဖမ်းဆီးထားပြီး လက်ရှိတွင် ဟိုပုံး မြို့နယ်ရဲစခန်းတွင်အဆိုပါ (၁၀) ဦးထဲမှ ပြည်ထောင်စုမြန်မာနိုင်ငံကာကွယ်ရေး (စစ်ဆင်မှုအထူးစီမံချက်) ဥပဒေ ဖြင့် (၃)ဦး ၊ သျှမ်းလက်နက် – ၁၂ ဖြင့် (၃) ဦးအား ဖမ်းဆီးထိန်းသိမ်းရေး ယူထားကြောင်း ဦးအောင်ဇေ (Justice Drum လူမှုကွန်ယက်ဒါ ရိုက်တာ) ထံ မှ သိရှိရသည်။

“ဒီကိစ္စနဲ့ပတ်သက်ပြီး သူတို့ညှိတော့ ညှိနှိုင်းနေတယ် ၊ ဆွေးနွေးနေတယ် တကယ်လို့ မခိုင်လှုံဘူးဆိုရင် ပြန်လွှတ်ပေးမယ် ၊ခိုင်လှုံခဲ့ရင် တရားဥပဒေအရ ရင်ဆိုင်သွားရမှာဖြစ်ပါတယ်လို့ သျှမ်းပြည်နယ် ရဲတပ်ဖွဲ့မှ ရဲမှူးချုပ် အောင်အောင်က JMC-S အခမ်းအနားမှာ ဖြေသွားတယ်” ဟု စိုင်းနော်အောင် ကဆက်လက် ပြောပြပါသည် ။

JMC-S နှင့် ဟိုပုံးမြို့နယ် လူထုတွေ့ဆုံပွဲတွင် JMC ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ ၊ NCA ၊ COC နှင့် တိုင်ကြားမှုဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ပြီး ဟိုပုံးမြို့နယ်ရှိ ကျေးရွာအုပ်စု(၂၈)အုပ်စုမှဒေသခံ ပြည်သူလူထု လေးရာကျော်တက်ရောက်ခဲ့ကြောင်းသိရသည်။

Last modified onSaturday, 09 စက်တင်ဘာလ 2017 21:05