RCSS/SSA ခေါင်းဆောင်နှင့် ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံစဉ် SSPP/SSA တပ်စခန်းကို အစိုးရတပ်မတော်တိုက်ခိုက်

ဓါတ်ပုံ- တိုက်ပွဲဖြစ်ပွါးသည့်နေရာပြမြေပုံ ဓါတ်ပုံ- တိုက်ပွဲဖြစ်ပွါးသည့်နေရာပြမြေပုံ

သျှမ်း(ရှမ်း)ပြည်တပ်မတော် RCSS/SSA ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်နှင့် နိုင်ငံတော်အတိုင်အပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော်၌ တွေ့ဆုံစဉ် သျှမ်းပြည်မြောက်ပိုင်း မိုင်းရယ်မြို့နယ် အတွင်းရှိသျှမ်းပြည်တပ်မတော် SSPP/SSA တပ်စခန်းအား အစိုးရတပ်မတော်က သွားရောက်တိုက်ခိုက်သည်ဟု သိရသည်။

စက်တင်ဘာ ၁၁ ရက် နံနက် ၁၁ နာရီအချိန်ခန့်က သီပေါမြို့နယ် စိန်ကျော့ အုပ်စု တောင်ဘက် ၇ မိုင် ခန့်အကွာ သျှမ်းပြည်တပ်မတော် SSPP/SSA နမ့်တွေးတပ်စခန်းအား အစိုးရတပ်မတော် ခြေလျင်တပ်ရင်း စခန်းအမှတ် ၁၄၇ က သွားရောက်တိုက်ခိုက်ကြောင်း၊ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ဒေသအတွင်း ရွာသူရွာသားများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကြားသိရသည်။

“နမ့်တွေးက ဝမ့်ပန်း ဆိုင်ကျော့ အသွားလမ်းမှာ ရှိတာ။ ခလရ ၁၄၇ က ဒေသအတွင်း ပြီးခဲ့တဲ့ရက်ပိုင်းက စတင်ဝင်ရောက်လှုပ်ရှားလာတယ်။ ဒီစစ်ကြောင်းတကြောင်းထဲမဟုတ်ဘူး ၂ ကြောင်း သုံးကြောင်းနဲ့ အဘက်ဘက်ကနေ တက်ပြီးတိုက်တာ။ ဒီနေ့ မွန်းလွဲ တနာရီကျော်ကျော်က တကြိမ်၊ ၂ နာရီကျော် ကျော်က တကြိမ်” - ဟု သျှမ်းပြည်တပ်မတော် SSPP/SSA ပြောခွင့်ရ စိုင်းဘုန်းဟန်က ပြောသည်။

ထို့အတူ ယမန်နေ့ကလည်း မိုင်းရယ်မြို့ အနောက်တောင်ဘက် မိုင် ၂၀ ခန့် အကွာ လွယ်ယွဲမိုင့်ဟုန်းတန့် ရွာဘက်အတွင် အစိုးရတပ်မတော်စစ်ကြောင်း ခမရ ၃၂၅ က ရွာအနီး လက်နက်ကြီးများပစ်ခတ်သောကြောင့် ရွာသူရွာသားများ ထွက်ပြေးတိမ်းရှောင်ရကြောင်း၊ လွယ်ယွဲရွာနှင့် ပါကန်းရွာမှာ စုစုပေါင်း အိမ်ခြေ ၅၀ ခန့်သာရှိကြောင်း၊ နမ့်ပို့ရွာသို့ လူဦးရေ ၁၀၀ ကျော် ထွက်ပြေးရောက်ရှိလာကြောင်း ဒေသခံများ ပြောပြချက်အရသိရသည်။

အစိုးရတပ်မတော်သည် သျှမ်းခေါင်းဆောင်များနှင့်တွေ့ဆုံတိုင်း သျှမ်းပြည်အတွင်း အစဉ်အမြဲ ထိုးစစ်ဆင်လေ့ရှိသည်။ ၂၀၁၂ ဗိုလ်ချုပ်ကြီးယွက်စစ်နှင့် အစိုးရနှင့် တပ်မတော်ထိပ်သီးခေါင်းဆောင်များ ကျိုင်းတုံမြို့၌တွေ့ဆုံစဉ်လည်းကောင်း၊ ၂၀၁၄ ဘန်ကောက်မြို့၌ ဦးအောင်မင်းနှင့် သျှမ်းခေါင်း ဆောင် များ တွေ့ဆုံစဉ်လည်းကောင်း၊ SSPP/SSA ခေါင်းဆောင်များ နေပြည်တော်ခေါင်းဆောင်များနှင့် တွေ့ဆုံမှုတိုင်းတွင်လည်းကောင်းတိုက်ပွဲများ အစဉ်အမြဲဆင်နွှဲလေ့ရှိသည်။

Last modified onMonday, 11 စက်တင်ဘာလ 2017 23:37