သီပေါမြို့တွင် ယခုနှစ်အတွင်းယာဉ်တိုက်မှုအကြိမ်ရေ ၄၀ ကျော်ရှိဟု ယာဉ်ထိန်းရဲမှူးပြော

သျှမ်း(ရှမ်း)ပြည်မြောက်ပိုင်း သီပေါ မြို့တွင် ၂၀၁၇ ခုနှစ်ဝက်အတွင်းတွင်ပင် ယာဉ်တိုက်မှုအကြိမ် ၄၀ ကျော်ရှိပြီဖြစ်ရာ ယာဉ်ကားမောင်းနှင်သူများ အသက်အန္တရာယ်ကင်းဝေးအောင် ယာဉ်စည်းကမ်းသိရှိလိုက်နာဖို့ လိုအပ်ကြောင်း သီပေါမြို့နယ် ယာဉ်ထိန်းရဲမှူးကြီး နန်းမြိုင် ကပြောသည်။

“ဒီ ၂၀၁၇ ခုနှစ်ထဲမှာ ၉ လ ပိုင်းအထိက သီပေါမြို့နယ်အတွင်းမှာ ယာဉ်တိုက်မှုက ၄၃ မှုဖြစ်ပွါးခဲ့ပြီးဖြစ်တယ်။ အကြိမ်ရေများတယ်လို့ ဆိုရပါမယ်။ယာဉ်စည်းမဲ့ကမ်းမဲ့မောင်းနှင်မှုတွေကြောင့်ပါဘဲ။ ဒါကြောင့် အသက် အန္တရာယ်ကင်းဝေးအောင် ယာဉ်တွေ ကားတွေ ဆိုင် ကယ်တွေ ကိုအရှိန်လျှော့မောင်းစေချင်ပါတယ်။ ယာဉ်စည်းကမ်းလမ်းစည်း ကမ်းလိုက် နာကြပါ။ ယာဉ်စည်းကမ်း မသိသေးရင်လည်းသိအောင် လုပ်ပါ။ မေးပါ။ ကျနော်တို့အနေနဲ့လည်း ယာဉ်တိုက်မှု တွေလျော့နဲသွားအောင် စည်းကမ်းနဲ့ပတ်သက်တဲ့ ပညာပေးမှုတွေကို ကွင်းဆင်းဆောင်ရွက်ပါတယ် ။ ဟောပြောပွဲတွေ လုပ်ပါတယ်။ လမ်းဆုံ လမ်းခွတွေမှာ ပညာပေးဆိုင်း ဘုတ် တွေထောင်ပါတယ်။ အဓိကကတော့ ကားစီးစီး ဆိုင်ကယ်စီးစီး စည်းကမ်းရှိရှိမောင်းကြဖို့နဲ့အရှိန်လျှော့မောင်းဖို့ပါဘဲ ” - ဟု ရဲမှူးကြီးက သျှမ်းသံတော်ဆင့် အားပြောပြသည်။

စက်တင်ဘာလ ၁၃ ရက် ည ၈ နာရီအချိန်ခန့်က သီပေါမြို့နယ် ၀ိန်းစန်းရပ်ကွက် အထက ၁ ကျောင်း ရှေ့ မန္တလေး - လားရှိုး လမ်းမကြီးပေါ်တွင် လမ်းဘယ်ဘက်ခြမ်းရပ်နေသော ၁၂ ဘီးကားကြီးအား ဆိုင်ကယ် တစီးက ၀င်တိုက်သည့် ယာဉ်တိုက်မှုတခုဖြစ်ပွါးခဲ့သည်။

အဆိုပါယာဉ်တိုက်မှုတွင် ဆိုင်ကယ်မောင်းနှင်သည့်အမျိုးသားမှာ လည်ပင်းတွင်ပြတ်ရှဒဏ်ရာရရှိသဖြင့် အထူးစိုးရိမ်ရသည့်အနေ အထားရှိကြောင်း၊ ဆိုင်ကယ်သမားနောက်က လိုက်ပါစီးနင်းလာ သည့်အမျိုးသမီးမှာမူ နဖူးပေါက်ကွဲဒဏ်ရာရရှိကြောင်း၊ သီပေါမြို့ ၀မ်းမော နာရေးကူညီမှုအသင်းက ၈ နာရီခွဲခန့်တွင် ဒဏ်ရာရလူနာများအား ဆေးရုံသို့ ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း သိရသည်။

“ဒီယာဉ်တိုက်မှုမှာက ဆိုင်ကယ်သမားကမှားတာပေါ့ဗျာ။ ကျနော်တို့ဆီမှာ က လက်ယာကပ်မောင်း တဲ့စနစ်လေ။ အခုတိုက်မှုက ဆိုင်ကယ်က လက်ဝဲဘက်မှာရပ်နေတဲ့ကားကို သွားပြီးဝင်တိုက်တယ်ဆိုတော့ ဆိုင်ကယ်သမားကမှားပါတယ် ။ ”- ဟု ရဲမှူးကြီး နန်းမြိုင်က ပြောဆိုသည်။

သို့သော် ဆိုင်ကယ်သမားများ၏အမည်နှင့်နေရပ်ကိုမူ သျှမ်းသံတော်ဆင့်မှ အတည်ပြုချက်မရသေးပေ။

စက်တင်ဘာလ ၁၃ ရက် မနက်ပိုင်းကလည်း လားရှိုးမြို့အထွက် နောင်မွန်ကျေး ရွာအုပ်စု နောင်ကွဲရွာတွင်း ကုန်းအဆင်းအကွေ့တွင် လောင်စာဆီတင်ကားတစီး အရှိန်လွန်မောင်းနှင်ရာမှ ကားတိမ်းမှောက် မှုဖြစ်ပွါးခဲ့ကြောင်း သဲပုံ အုတ်ခဲပုံတွင်ထိုးမှောက်သွားပြီးလူနေအိမ်အနီး ထိုးရပ်သွားခဲ့ကြောင်း၊ လူသူထိခိုက်ဒဏ်ရာရ မှုတော့မရှိခဲ့ကြောင်း သိရပါသည်။