ကျိုင်းတုံမြို့အကျဉ်းထောင်တွင် အစိုးရတပ်မတော်မှ ဖမ်းထားသည့် RCSS/SSA တပ်သားနှစ်ဦးအား တနင်္လာနေ့ရုံးတင် စစ်ဆေးမည်

သျှမ်း(ရှမ်း)ပြည်အရှေ့ပိုင်းကျိုင်းတုံမြို့ အကျဉ်းထောင်တွင် အစိုးရတပ်မတော်မှ ဖမ်းဆီးချုပ်နှောင်ထားသည့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA ၏ တပ်သား ၂ ဦးအား ယခုလ ၉ ရက် တနင်္လာနေ့တွင် ရုံးတင်စစ်ဆေးမည်ဟု သိရသည်။

“အမှန်ကတော့ စက်တင်ဘာလ ၂၉ ရက်နေ့တုန်းက ရုံးချိန်းထားတာ။ ရုံးချိန်းထားပြီး တရားသူကြီး တွေက မလာဘူး။ မလာဘဲ နဲ့ ဒါကို အောက်တိုဘာလ ၉ ရက်နေ့မှာ ထပ်ချိန်းပေးလိုက်တာ” ဟု ကျိုင်းတုံမြို့ RCSS/SSA ၏ ဆက်ဆံရေးရုံးတာဝန်ခံ ဗိုလ်မှူးစိုးမိန်းက သျှမ်းသံတော်ဆင့်အား ပြောသည်။

သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ် အတွင်း အခြေချလှုပ်ရှားနေသော RCSS/SSA ၏စစ်ကြောင်းမှ တပ်သား ၂ ဦးဖြစ်သော စိုင်းဆေလုံနှင့်စိုင်းလုံတို့ ၂ ဦးအား မိုင်းပူးလုံအုပ်စု ကိန်းဟင်ရွာတွင် မိုင်းဆတ်အခြေစိုက် ခမရ ၅၂၇ မှ စစ်ကြောင်းက ဇူလိုင် လ ၂၅ ရက်နေ့က ဖမ်းဆီးကာ သြဂတ်စ်လ ၂၆ ရက်နေ့က ကျိုင်းတုံစစ်သို့ ပို့လွှဲပြောင်းချုပ်နှောင်ထားခြင်းဖြစ်ကြောင်း RCSS/SSA ပိုင် Tai Freedom ၀က်ပ်ဆိုက်တွင်ဖော်ပြထားသည်။

“မကြာခင်ရက်ပိုင်းအတွင်းမှာ နမ့်စန် သို့မဟုတ် ခိုလမ် တနေရာရာပေါ့ အဲ့မှာ JMC-S အစည်းအဝေး ရှိတယ်။ အဲ့ဒီမှာ လည်း ကျနော်တို့ဒီအကြောင်းကိုထည့်သွင်းဆွေးနွေးပါမယ်။ ကျနော်တို့က NCA လက်မှတ်ရေးထိုး ထားတဲ့အဖွဲ့ဆိုတော့ ဘာဘဲ ဖြစ် ဖြစ် တွေ့ဆုံဆွေးနွေးအဖြေရှာတဲ့ နည်းလမ်းနဲ့ သွားရမယ်လေ”  ဟု RCSS/SSA ပြောခွင့်ရ ဗိုလ်မှူးကြီးစိုင်းငင်းက သျှမ်းသံတော်ဆင့် အားပြောပြသည်။

RCSS/SSA ၏ တပ်သား ၂ ဦးသည် အသုံးအဆောင်ပစ္စည်းများဖြစ်ကြသည့် ဆပ်ပြာ၊ သွားတိုက်ဆေးများဝယ်ရန် ဆိုင်ကယ် ဖြင့် ရွာအတွင်း ဆင်းချိန်အစိုးရ တပ်မတော်မှ ဖမ်းဆီးခြင်းဖြစ်ကြောင်း၊ စစ်လက်နက်ပစ္စည်းများ လက်ဝယ်ထားရှိမှု၊ လူထုထံ အခွန်ကောက်ခံမှုစသည့် အကြောင်းပြချက် ဖြင့် အစိုးရတပ်မတော် တရားစွဲဆိုထားကြောင်း ဆိုသည်။

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးထားသည့် RCSS/SSA ဘက်ကလဲ သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်း လှုပ်ရှားနေသည့် အစိုးရတပ်မတော် စစ်ကြောင်းမှ တပ်ပြေးတဦးအား RCSS/SSA မှ ဖမ်းဆီးထားကြောင်း၊ အဆိုပါ ဖမ်းဆီးခံ တပ်မတော်သားတဦးအား ပြန်လည်လွှဲအပ်ပေးနိုင်ရန် ဆက်သွယ်သော်လည်း အစိုးရတပ်မတော်ဘက်မှ တုန့်ပြန်မှုမရှိသေးကြောင်း - RCSS ဘက်က ပြောသည်။