ထိုင်းနိုင်ငံမြောက်ပိုင်းတွင် လူ့အခွင့်အရေးပိုင်းဆိုင်ရာပညာရှင်များ အလုပ်သမားအခွင့်အရေး အတွက်ဆွေးနွေး

ထိုင်းနိုင်ငံ အလုပ်သမားအခွင့်အရေးလှုပ်ရှားသည့်အဖွဲ့နှင့် လူ့အခွင့်အရေးပိုင်းဆိုင်ရာပညာရှင်များ တွေ့ဆုံကာ ထိုင်းနိုင်ငံရှိအလုပ်သမား များ အခွင့်အရေးအပြည့်အဝရရှိရေးအတွက် တွေ့ဆုံဆွေးနွေးမှုတရပ်ကို ထိုင်းနိုင်ငံချင်းမိုင်မြို့တွင်ပြုလုပ်ခဲ့သည်။

အောက်တိုဘာလ ရ ရက်နေ့က ချင်းမိုင်မြို့ အဲမ်းဖရက်စ်ဟိုတယ်တွင် ဆွေးနွေးမှုပြုခဲ့ကြခြင်းဖြစ်သည်။

ထိုင်းနိုင်ငံမြောက်ပိုင်းအလုပ်သမားများအခွင့်အရေးလှုပ်ရှားသူများ ၊ ချင်းမိုင်မြို့ မယ်ကျို့တက္ကသိုလ်၊ ချင်းမိုင်တက္ကသိုလ်မှ လူမှုရေးပိုင်းဆိုင်ရာဆရာများ၊ အလုပ်သမားပိုင်းဆိုင်ရာအာဏာပိုင်များ၊ ကျန်းမာရေး၊ လူမှုရေးပိုင်းဆိုင်ရာလှုပ်ရှားသူများနှင့် အလုပ်သမားအရေးလှုပ်ရှားနေသည့်သျှမ်း(ရှမ်း)၊ ထိုင်းအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း ၄၀ ကျော်တက်ရောက်သည်။

“အလုပ်သမားတွေအခွင့်အရေးမျှတစွာရရှိဖို့၊ အလုပ်ရှင်ဘက်ကနေ အလုပ်သမားတွေရဲ့ နေထိုင်စားသောက်မှုစရိတ် အပြည့်အဝထောက်ပံ့ပေးဖို့၊ လုပ်ငန်းခွင် ဘေးရန်ကင်းရှင်းရေးအတွက်ကြည့်ရှုစောင့်ရှောက်မှုအပြည့်အဝ ပေးဖို့ စတာတွေရရှိရေး တောင်းဆိုသွားဖို့အတွက်ဆွေးနွေးပါတယ်။ ” ဟု ရွှေ့ပြောင်းအလုပ်သမားများစည်းလုံးညီညွတ်ရေး WSA အဖွဲ့မှ စိုင်းဆူချတ် အိန္တ ကသျှမ်းသံတော်ဆင့်အားပြောပြသည်။

တဖက်ကလည်း အလုပ်သမားများအနေနှင့် အလုပ်သမားများအခွင့်အရေးသိရှိနားလည်ဖို့၊ အလုပ်သမားများအရေးကူညီစောင့်ရှောက် မှုပေးနေသည့်အဖွဲ့အစည်းများနှင့် သိရှိရင်းနှီးအောင် လုပ်ဆောင်ပြီး အခက်အခဲပြသနာများဖြစ်ပေါ်လာပါက ဆက်သွယ်အကူအညီတောင်းဖို့၊ အလုပ် သမားများကိုင်ဆောင်သည့် ပတ်စပို့၊ အလုပ်လုပ်ခွင့်စာရွက်စာတမ်းများကို မကြာခဏ စစ်ဆေးကြည့်ရှုပေးဖို့၊သက်တမ်းတိုး ရမည့်ရက်များမမေ့လျော့ကြဖို့အတွက် စိုင်းဆူချတ်က ပြောဆို သတိပေးလိုက်သည်။

တဖက်ကလည်း ထိုင်းနိုင်ငံရောက်ရွှေ့ပြောင်းအလုပ်သမားများအတွက် အထောက်အထား သက်သေခံ လက်မှတ် CI ထုတ်ပေးသည့် စခန်းများတွင် ငွေကြေးတောင်းခံမှုများရှိသည်ဟူသည့် တိုင်ကြားမှုများ ကြောင့် မြန်မာနိုင်ငံအစိုးရ အလုပ်သမားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က အောက်တို ဘာ ၃ ရက်နေ့မှ ၈ ရက်နေ့အထိထိုင်းနိုင်ငံသို့ရောက်ရှိကာ ထိုင်းအစိုးရနှင့်တွေ့ဆုံဆွေးနွေးမှုရှိ ခဲ့ကြောင်းသိရသည်။

ထိုင်းနိုင်ငံမြောက်ပိုင်း အလုပ်သမားများအရေး ကူညီလုပ်ဆောင်ပေးနေသည့် အဖွဲ့ တွင်အဖွဲ့အစည်းငယ် ၁၅ ဖွဲ့ဖြင့် ဖွဲ့စည်းထားပါသည်။ ထိုအနက် သျှမ်းအဖွဲ့အစည်း ၃ ဖွဲ့ပါရှိပါသည်။