ယခုနှစ်တန်ဆောင်တိုင်ပွဲတော် ယခင်နှစ်ထက် လုံခြုံရေးအင်အား ၁၀၀ ကျော် တိုးချဲ့

အောက်တိုဘာလ ၂၆ ရက်နေ့တွင် စတင်ကျင်းပမည့် ၂၀၁၇ ခုနှစ် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်အတွက် လာမည့် ယခုနှစ်မှာ ယခင်နှစ်ထက် လုံခြုံရေးတိုးချဲ့သွားမည်ဟု လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ပြောသည်။

“ လုံခြုံရေးမှာကတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က လုံခြုံရေးလုပ်တာရှိတယ် ၊ တပ်မတော်ကနေ လုံခြုံရေးလုပ်တာရှိတယ် ၊ တပ်မတော်အနေကတော့ အပြင်စည်းကိုလုံခြုံရေးလုပ်ပေးထားတယ်ပေါ့ ၊ တပ်မတော်အနေနဲ့ အင်အား ၈၀ ကျော်လောက် အပြင်စည်းကနေ လုံခြုံရေးလုပ်ပေးမယ်လို့ စီမံချက်ထဲမှာဆွဲထားပါတယ်” ဟု ၎င်းက ပြောသည်။

ယခင်နှစ်က လုံခြုံရေး ၆၀၀ ကျော်ထားရှိပြီး ယခုနှစ်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ အင်အား ရ၀၀ ကျော်သုံးသွားမည်ဖြစ်ကြောင်း၊ အဆိုပါ အင်အားကို ပွဲတော်လုံခြုံရေး ၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း ထိန်းသိမ်းရေး ၊ VIP လုံခြုံရေး ၊ မီးဘေးလုံခြုံရေးတို့တွင် တိုးချဲ့ထားခြင်းဖြစ်ကြောင်း သိရပါသည်။

“ရဲတပ်ဖွဲ့ဆိုရင် ဒီတောင်ကြီးခရိုင်တစ်ခုလုံးမှာရှိတဲ့ သူတို့အင်အားတွေ ရသလောက်ကို ထုတ်ပြီးတော့ တန်ဆောင်ပွဲတော်အတွက် လာပေးတာပေါ့ ၊ မတိုင်ခင် နှစ်ရက်ကနေစပြီးတော့ ရဲအင်အားတွေရောက်လာမယ် ဒီတန်ဆောင်တိုင်ကွင်းကို လုံခြုံရေးလုပ်မယ် ၊ မြို့တွင်းလုံခြုံရေးလုပ်မယ် ၊ မြို့ပြင်လုံခြုံရေးကိုတော့ တပ်ကလုပ်ပေးမှာပေါ့ ၊ ပွဲတော်ကာလအတွင်းမှာတော့ မီးဘေးရှိမယ် အဲမီးဘေးလုံခြုံရေးကတော့ ဒီမြန်မာနိုင်ငံမီးတပ်ဖွဲ့က အင်အား ၁၃၈ ယောက် ပါဝင်ပြီးလုပ်မယ်ပေါ့။ မနှစ်ကထက်စာရင်တော့ တိုးထားပါတယ် ၊ မီးတပ်လည်းတိုးတယ် ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့လည်းတိုးတယ် ၊ မနှစ်ကတော့ ၆၀၀ ကျော် ၊ဒီနှစ်ကတော့ ရ၀၀ ကျော်ထိ တိုးချဲ့ထားတယ်” လို့ ၎င်းက ဆက်ပြောပါသည်။

ယခုနှစ် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို ယာဉ်ကြောပိတ်ဆို့မှုတွေ မဖြစ်အောင်လည်း ယာဉ်ထိန်းရဲတပ်ဖွဲ့အင်အား ၁၀၀ ကျော် ချသွားမည်ဖြစ်ပြီး မီးပုံးပျံလွှတ်မည့်ကွင်းထဲကို ဆိုင်ခန်းများဈေးရောင်းခွင့်မပြုထားကြောင်း သိရသည်။

“ ယခင်နှစ်က မီးပုံးပျံလွှတ်တဲ့ကွင်းထဲမှာ ဆိုင်တွေရှိတယ် ၊ အဲလိုဆိုရင် မီးပုံးပျံတစ်ခုခုဖြစ်လို့ရှိရင် လူတွေပြေး ဖို့ခက်တယ် ၊ ဒီနှစ်မှာတော့ ပတ်ပတ်လည်မှာ ဆိုင်ခန်းရောင်းခွင့်မပြုထားဘူးပေါ့နော် ၊ ယာဉ်သွားယာဉ်လာ ပိုပြီးလွယ်ကူအောင်လည်းအတတ်နိုင်ဆုံး စီမံထားတယ် ၊ ပွဲခင်းထဲမှာ မီးဘေး လုံခြုံရေး တွေလည်း တတ်နိုင် သမျှစီစဉ်ထားတယ်” လို့ ဆိုပါသည်။

လက်ရှိတွင် တန်ဆောင်တိုင်ပွဲအလို ၁၅ ရက်ရှိနေသေးရာ ဟိုတယ်ဈေးနူန်းများ ၂ ဆထိုးတက်နေပြီး ပွဲတော် ကာလ ဟိုတယ်ဈေးနှုန်းများ အဆမတန်ထိုးတက်မှုမရှိစေရန် ၊ ပုံမှန်ဈေးနှုန်း တပြေးညီ ဖြစ်စေရန်အတွက် ဟိုတယ်နှင့်ခရီးသွားလာရေး ဌာနဆိုင်ရာများ ဆွေးနွေးနေကြောင်း သိရပါသည်။

ယခင်နှစ်တွင် ညမီးကြီး အလုံး ၈၀ ၊ စိန်နပန် ၃၆ လုံး နှင့် နေ့လွှတ်အရုပ် ၂၀၇ လုံး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ယခုနှစ်တွင် အောက်တိုဘာလ ၁၀ ရက်အထိသိရသောစာရင်းအရ ယှဉ်ပြိုင်မည့်မီးပုံးပျံအလုံး ၃၀၀နီးပါး ရှိကြောင်း သိရသည်။

“ ပြိုင်ပွဲဝင်တွေ မီးပုံးပျံအရေအတွက်ကို ဒီအောက်တိုဘာ ၁၃ ရက်နေ့ကို နောက်ဆုံးထားပြီးတော့ စာရင်းပေးသွင်းပါလို့ ပြောထားပါတယ်။ စာရင်းမပိတ်ရသေးတဲ့အတွက် စာရင်းအရေအတွက်ကို အတိအကျမပြောနိုင်ဘူး ။ လက်ရှိအနေထားအရ ပြီးခဲ့တဲ့ မနှစ်က အရေအတွက်လောက်တော့ မလျော့ဘူး အဲထက်များမယ်လို့တော့ထင်ပါတယ်” ဟု ၎င်း ကဆိုသည်။

တောင်ကြီး တန်ဆောင်တိုင်ပွဲတော်ကို အောက်တိုဘာလ ၂၆ ရက် မှ နိုဝင်ဘာလ ၄ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး စူဠာမုနိ လောကချမ်းသာ ဘုရားပွဲတော် ၊ ရိုးရာမီးပုံးပျံ လွတ်တင် ပူဇော်ပြိုင်ပွဲ ၊ မဟာဘုံကထိန်ပွဲတော် ၊ မီးပဒေသာ လှည့်လည်ပြိုင်ပွဲနှင့် မသိုးသင်္ကန်းရက်လုပ်ပြိုင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဟု သိရှိရပါသည် ။