ကျိုင်းတုံမြို့ မိုးနဲကျောင်းတိုက်ဆရာတော် အဂ္ဂိဈာပနပွဲ အတွက် ကရဝိတ်ဖောင်တော်ပြုလုပ်ပြီးစီး

ပြည်ထောင်စုမြန်မာနိုင်ငံ ရွှေကျင်ဂိုဏ်း အနုနာယက ၊ သျှမ်း(ရှမ်း)ပြည်နယ်လုံးဆိုင်ရာ သံဃာ့မဟာနာယက၊ သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် သံဃာ့နာယက ဆရာတော် ဘဒ္ဒန္တအာဇေယျ အဘိဓဇ သာသန ကရဓမ္မရာဇဂုရု သာသနဓ္ဇဇသီရီပဝရ ဓမ္မစရိယ အဂ္ဂမဟာပဏ္ဌိတ၊ ကျိုင်းတုံမြို့ ပဓာနနာယက ဓမ္မောဒယ ပရိယတ္တိစာတင်တိုက် (မိုးနဲကျောင်း တိုက်) ဆရာတော် အဂ္ဂိဈာပနပွဲ ရုပ်ကလပ်တော်မီးရှို့ဖို့အတွက် ကရဝိတ်ဖောင်တော်ကို ကျိုင်းတုံဒေသခံများပြုလုပ်ပြင်ဆင် ထားပြီးဖြစ်ကြောင်း သိသည်။

မီးသဂြိုဟ်သည့်အခမ်းအနားကို အောက်တိုဘာလ ၁၅ ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။ ဆရာတော်၏ ရုပ်ကလပ်တော်အား ကျိုင်းတုံမြို့ ကတ်ဖှအုပ်စု ထတ်ဟိုဆေကျောင်းတိုက်ရှိ ဘုရားကိုးဆူကွင်းပြင်တွင် မီးရှို့ပွဲပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။

လက်ရှိတွင် ပြည်တွင်းပြည်ပ ဒေသအသီးသီး ရပ်နီးရပ်ဝေးမှဆရာတော်၏ တပည့်ဒကာများအများအပြား ကျိုင်းတုံမြို့သို့ရောက် ရှိနေပြီဖြစ်ကြောင်း လည်း ကျိုင်းတုံဒေသခံ နန်းနွန်းကပြောသည်။

1.Sao Thammorthiya Passaway

သက်တော် ၉၀ ၊ ဝါတော် (၇၀) ရှိ ဆရာတာ် ဘဒ္ဒန္တအာဇေယျသည် ၂၀၁၇ ဂျူလိုင် ၁၁ ရက် ညနေ ရ နာရီအချိန်တွင် သက်ကြီးရောဂါဖြင့်ပျံ လွန်တော်မူသည်။

ဆရာတော် ဘဒ္ဒန္တအာဇေယျ ခေါ် မိုးနဲကျောင်းတိုက် ဆရာတော်သည် ၁၂၈၉ ခု ၊ တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်နေ့တွင် ဖွားမြင်သည်။

ဖခမည်းတော် စိုင်းဆန်ဆု၊ မယ်တော် နန်းမို တို့၏ မွေးချင်း ၄ ဦး အနက် သားထွေးဖြစ်သည်။ ငယ်နာမည်မှာ စိုင်းကမ်ဖြစ်သည်။ အသက် ၁၀ နှစ်အရွယ်တွင် ဝတ့်ဖရကျောဝ် ကျောင်းတိုက်၌ သာမဏေ ဝတ်ပြီး သက်တော် ၁၈ နှစ် ကိုယ်ရင်ဘဝ တွင်ပင် မိုးနဲကျောင်းထိုင် ဆရာတော် အဖြစ် ဒါယိကာများက ဆက်ကပ်အပ်နှင်းတော်မူသည်။ ၁၃၁၁ ခု ၁၃၁၈ ခု အထိ လောကုတ္တရာစာပေအားဆည်းပူးကာ ညောင်ရွှေမြို့ ကန်ကြီးကျောင်းတိုက်၌ ဓမ္မစရိယ အောင်တော်မူသည်။

သာသနာနှစ် ၂၅၀၀ ပြည့် တွင် ကျိုင်းတုံမြို့ မိုးနဲကျောင်းတိုက်အား ဓမ္မောဒယ စာသင်တိုက် အဖြစ်ဦးဆောင်ဖွင့်လှစ်ကာ ပရိယတ္တိ စာပေပြန့်ပွားရေးအတွက် နှစ်ပေါင်း ၅၀ ကျော် စာချတော်မူသည်။ ပျံလွန်တော် မူချိန်အထိ မိုးနဲကျောင်းတိုက်တွင်ကျောင်းထိုင်ကာ ကျိုင်းတုံမြို့နှင့် တခြားဒေသမှ သံဃာတော်များအား လက်ခံကာ ပညာရေးတွင်အစဉ်ပံ့ပိုးပေး ခဲ့သည်။