DPN နှင့် PPWT လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်နေ

ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ-UNFC ၏ နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေး နွေးရေး ကိုယ်စားလှယ် အဖွဲ့(DPN)နှင့် NCA ထိုးထားသည့် တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်လုပ်ငန်းအဖွဲ့ (PPWT) ကိုယ်စားလှယ်များ ဧပြီလ ၅ ရက်တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်နေသည်ဟု အဖွဲ့ တာဝန်ရှိသူများက ပြောသည်။

အဆိုပါ အစည်းအဝေးတွင် ငြိမ်းချမ်းရေး ရှေ့လုပ်ငန်းစဉ်များ ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များ၊ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့(EAOs) ခေါင်းဆောင်များ မျက်နှာစုံညီ အစည်းအဝေးအတွက် ကြိုတင်ညှိနှိုင်း မှုများနှင့် မိုင်ဂျာယန် မျက်နှာစုံညီအစည်းအဝေး သဘောတူညီချက်များကို ဆွေးနွေးသွားမည် ဟု အပစ်ရပ် (EAO) ရှစ်ဖွဲ့ ရုံးတာဝန်ခံ စောဟဲစေးက ယခုလိုပြောသည်။

၎င်းက “EAO တွေအတူတူ သွားနေတဲ့လမ်းကြောင်းထပ်တူကျအောင်နဲ့ လက်ရှိငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ်မှာ တစ်ဖွဲ့နဲ့တစ်ဖွဲ့ update လုပ်တဲ့အနေနဲ့ရှေ့ဆက်သွားရမဲ့လုပ်ငန်းတွေကို ညှိနှိုင်းလုပ်ဆောင်တဲ့သဘောပါပဲ”  ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ၂၀၁၆ ခုနှစ် ဇူလိုင်လက မိုင်ဂျာယန် မျက်နှာစုံညီအစည်းအဝေးတွင် သဘောတူညီထားသည့် ပင်လုံ လက်စွဲစာတမ်း၊ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံတွင် ပါဝင်ရမည့် အမျိုးသားကာကွယ်ရေးနှင့် အမျိုး သားလုံခြုံရေး မူဝါဒဆိုင်ရာ အခြေခံမူများ၊ ဖက်ဒရယ် ပြည်ထောင်စု တပ်မတော်ဆိုင်ရာ မူဝါဒများကို လက်ရှိ အကောင်အထည်ဖော်ဆောင်ရွက်မှုများနှင့် ရှေ့လုပ်ငန်စဉ်များကိုလည်း ဆွေးနွေးသည်ဟု စောဟဲစေးက ဆက်ပြောသည်။

ဧပြီ ၅ ရက်နေ့တွင် ပြုလုပ်သည့် DPN နှင့် PPWT လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တိုင်းရင်းသား လက်နက် ကိုင်တော်လှန်ရေး အဖွဲ့များ (EAOs) ခေါင်းဆောင်များ၊ မျက်နှာစုံညီ အစည်းအဝေးကို မူလ ဧပြီ ၇ မှ ၈ ရက်ထိ ပြုလုပ်ရန် စီစဉ်ထားမှုကို ဧပြီ ၈ မှ ၉ ထိ တစ်ရက်ရွှေ့ဆိုင်းပြုလုပ်ရန် ဆုံးဖြတ်ခဲ့သည်ဟု အစည်းအဝေးတက် ရောက်ခဲ့သူများက ပြောသည်။ PPWT နှင့် DPN တို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (ယနေ့) ဧပြီ ၆ ရက်နေ့တွင် ဆက်လက်ကျင်းပသွားမည် ဖြစ်သည်။