ကွဲပြားမူများကြားထဲမှ ညီညွတ်ရေးကို လုပ်ဆောင်သွားနိုင်ရေး UNFC၏ ညီလာခံတွင် ဆွေးနွေးသွားမည်

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ ၌ ယခုလ ၂၀ရက်နေ့တွင် စတင်ကျင်းပမည့် ညီညွတ်သောတိုင်းရင်းသား လူမျိုးများဖက်ဒရယ် ကောင်စီ-UNFC၏ ညီလာခံတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား သဘောထားအမြင်များ၊ ကွဲပြားမှုများကြားထဲမှ ညီညွတ်ရေးကို ဖော်ဆောင်သွားရန် ဆွေးနွေးသွားမည်ဟု (UNFC) အတွင်းရေးမှူး (၁) ဦးထွန်း ဇော်က ဇွန် ၁၆ရက်နေ့တွင် ပြောသည်။

၎င်းက“အခု အကြောင်းအမျိုးမျိုးကြောင့် ကျနော်တို့ ကွဲပြားမူတွေ ရှိနေတယ်။ Unity in diversity ကွဲပြားမူ ကြားထဲက ညီညွတ်ရေးကို ရှာရမယ်ပေါ့ဗျာ။ ဒါကြောင့် ဒီညီလာခံမှာ ညီညွတ်ရေးကို ဦးတည်ပြီး အတူတကွ ရှေ့ဆက်သွားနိုင်မယ့် နည်းလမ်းသစ်ကို ရှာတွေ့နိုင်မယ်လို့ မျှော်မှန်းထားပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ညီလာခံအပြီးတွင် UNFC အနေဖြင့် မြန်မာအစိုးရနှင့် တရားဝင်တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ကာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ) လက်မှတ်ရေးထိုးနိုင်ရေးကိစ္စအတွက် ထပ်မံပြီး နိုင်ငံရေး တွေ့ဆုံဆွေးနွေး အဖြေရှာရေးကို တိုင်းရင်းသား အင်အားစုများအားလုံးနှင့်အတူ ဆက်လက်လုပ်ဆောင်သွားရန် ပြင်ဆင် ထားကြောင်းလည်း ဦးထွန်းဇော်မှ ဆက်ပြောသည်။

၎င်းညီလာခံသို့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ ၂၁ ဖွဲ့အား ဖိတ်ကြားထားပြီး အပိုင်းနှစ်ပိုင်းခွဲ၍ ကျင်းပမည်ဖြစ်ကာ ပထမပိုင်းတွင် UNFC အဖွဲ့ဝင်များကြား ဇွန်လ ၂၀ ရက်မှ ၂၆ရက်နေ့အထိ ၇ ရက်တာပြုလုပ်မည် ဖြစ် သည်။ ဒုတိယပိုင်းတွင် UNFC အဖွဲ့ဝင် မဟုတ်သော အဖွဲ့အစည်းများကြား ဇွန် ၂၇ ရက်မှ ၂၉ ရက်နေ့အထိ ၃ ရက်တာ ကျင်းပသွားမည်ဟု သိရသည်။

၎င်း UNFC ညီလာခံတွင် ၎င်းတို့၏ ဗဟိုကော်မတီအဖွဲ့ဝင်သစ်များကိုပြန်လည် ရွေးချယ်သွားမည်ဖြစ်ပြီး ဌာနလုပ်ငန်းစဉ် များပြန်လည်သုံးသပ်ခြင်း၊ ရှေ့လုပ်ငန်းစဉ်များချမှတ်ခြင်းအပြင် ကချင်လွတ်လပ်ရေးအဖွဲ့-KIO နှင့် “ဝ” အမျိုးသားအဖွဲ့ချုပ်-WNO တို့က UNFC မှ နှုတ်ထွက်ခွင့် စာတင်ထားသည့်ကိစ္စနှင့် (UNFC) အဖွဲ့ဝင်အသစ်လျှောက်ထားသည့် ကိစ္စရပ်များကို ညီလာခံတွင် ဆွေးနွေးဆုံးဖြတ်သွားမည်ဖြစ်သည်ဟု UNFCက ပြောသည်။

၂၀၁၁ ခုနှစ်က စတင်ဖွဲ့စည်းခဲ့သည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFCကို လက်ရှိတွင် ကချင်လွတ်လပ်ရေးအဖွဲ့-KIO၊ မွန်ပြည်သစ်ပါတီ-NMSP၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ-KNPP၊ ရှမ်းပြည်တိုး တက်ရေးပါတီ-SSPP၊ ရခိုင်အမျိုးသား လွတ်မြောက်ရေး ကောင်စီ-ANC၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး-LDU နှင့် “ဝ” အမျိုးသားအဖွဲ့ချူပ်-WNO စသည့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ ၇ ဖွဲ့ဖြင့်ဖွဲ့စည်းထားပြီး ညီလာ ခံကို ၂ နှစ်တစ်ကြိမ်ပြုလုပ်ကျင်းပကာ ယခုတစ်ကြိမ်မှာ ဒုတိယ ကြိမ်မြောက်ဖြစ်သည်။