ကရင့်တော်လှန်ရေးတွင် ၆၇ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သော ဗိုလ်ချုပ်ကြီးစောကစယ်ဒို ကွယ်လွန်

ကရင့်တော်လှန်ရေးတွင် ၆၇ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သော ဗိုလ်ချုပ်ကြီးစောကစယ်ဒိုသည် ယနေ့ (ဇူလိုင်လ ၃၁ ရက်) နံနက် ၁ နာရီခွဲ အချိန်တွင် ထိုင်းနိုင်ငံ၊ မဲဆောက်ဆေးရုံ၌ လူကြီးရောဂါဖြင့် ကွယ်လွန်သွားသည်ဟု မိသားစုဝင်များက ပြောသည်။

Pu Ka Sel သူသည် လွန်ခဲ့သည့်မေလကုန်ပိုင်း ကတည်းက ကျန်းမာရေးချို့တဲ့လာကာ သွားလာလှုပ်ရှားနိုင်ခြင်း မရှိတော့ဘဲ ဇူလိုင်လ ၂၄ ရက်နေ့တွင် ဆေးရုံတက်ရောက် ကုသမှုခံယူနေရင်း ယနေ့နံနက်အချိန်တွင် အမောဖောက်ပြီး ကွယ်လွန်သွားခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး စောကစယ်ဒို၏ မြေးဖြစ်သူ စောထူးက ကေအိုင်စီသို့ ပြောသည်။

၎င်းက “ဖူးကစယ် ဆေးရုံတက်ပြီးနောက်ပိုင်းမှာ စကားမပြောနိုင်တော့ဘူး။ အစားအသောက်လည်း မစားနိုင်၊ အရည်နည်းနည်းပဲ သောက်နေရတယ်ဆိုတော့ အားမရှိတော့ဘူး။ ဒါကြောင့် ဒီမနက်ပဲ အသက် ၉၂ နှစ်အရွယ်မှာ ဆုံးသွားတာပါ။” ဟု ပြောသည်။

ဗိုလ်ချုပ်ကြီး စောကစယ်ဒိုသည် ၁၉၄၇ ခုနှစ် အချိန်ကတည်းမှ ကရင်အမျိုးသားကာကွယ်ရေးတပ်မတော်-KNDO တွင် စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး ထိုမှတစ်ဆင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တွင် လှုပ်ရှားသွားလာနိုင်ခဲ့သည့် ၂၀၁၄ ခုနှစ်အထိ ကရင်တော်လှန်ရေးအတွက် စွမ်းစွမ်းတမံပါဝင်ခဲ့ကာ ကွယ်လွန်သွားချိန်၌ သားသမီး ၃ ဦးနှင့် မြေး ၁၃ ဦး ကျန်ရစ်ခဲ့သည်ဟု ၎င်းသမီးဖြစ်သူ နော်နဒါးမော်လေးက ပြောသည်။