အလှပ်ကျေးရွာ ရေတားတမံကို ယခုလကုန် အပြီးဆောက်လုပ်မည်

ပေါင်မြို့နယ်၊ အလှပ်ကျေးရွာ ပင်လယ်ကမ်းစပ်ရှိ ဆောက်လုပ်ဆဲ ရေတားတမံကို မတ်လတွင် အပြီးသတ် ဆောက်လုပ်မည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက ပြောကြားသည်။

ပြီးခဲ့သည့် မိုးရာသီအချိန်က အဆိုပါကျေးရွာတွင် ရေလှိုင်းရိုက်ခတ်မှုကြောင့် ကမ်းပါးနံရံများ ပြိုပျက်ခဲ့ပြီးနောက် ကျေးရွာအတွင်း ရေကြီးမှုများ ဖြစ်ပွားခဲ့၍ ကျောင်းများပိတ်ရသည်အထိ ဖြစ်ခဲ့ကြောင်း ဦးထွန်းဌေးက ဆိုသည်။

ပင်လယ်လှိုင်းဒဏ်ခံနိုင်မည့် ရေတားတမံများ တည်ဆောက်ပြီးစီးပါက ယင်းရေတားတံတမံ၏ အရှေ့ဘက်တွင် ကမ်းခြေထိန်း လမုပင် နှစ်ဧကကိုလည်း စိုက်ပျိုးသွားမည်ဖြစ်ကြောင်း၎င်းက ပြောဆိုသည်။

အလှပ်ကျေးရွာ ပင်လယ်ကမ်းစပ်သည် ဆောင်းခိုငှက် ရှားပါးမျိုးစိတ်များ လာရောက်ကျက်စားသော နေရာလည်း ဖြစ်သည်။

အလှပ်ကျေးရွာရှိ ရေတားတာတမံ ဆောက်လုပ်ခြင်းကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင် စတင်ခဲ့ပြီး ငွေကျပ် သန်းပေါင်း ၄၅၆ သန်းကျော် ကုန်ကျခဲ့ကြောင်း သိရသည်။

ယင်းကျေးရွာ ရေတားတမံနှင့် အလားတူ ကျိုက္ခမီ အောင်သုခရပ်ကွက်တွင်လည်း ရေတားတမံတစ်ခုကို သိန်းပေါင်း ၇၅၀ဝ ခန့် ကုန်ကျခံကာ ဆောက်လုပ်လျက်ရှိကြောင်း ဦးထွန်းဌေးက ထပ်လောင်းပြောဆိုသည်။