သင်္ကြန်ကာလအတွင်း အဝေးပြေးယာဉ်လိုင်း ခုနစ်လိုင်းသာ ပြေးဆွဲမည်

မွန်ပြည်နယ်အတွင်း အဝေးပြေးယာဉ်လိုင်း ၆၂ လိုင်း ရှိသည်အနက်မှ မြန်မာ့ရိုးရာ နှစ်သစ်ကူး သင်္ကြန်ကာလ အတွင်း ယာဉ်လိုင်း ခုနစ်လိုင်းသာ ပြေးဆွဲသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်ယာဉ်ထိန်းသိမ်းကြီကြပ်ရေး ကော်မတီ (ယ.ထ.က) ထံမှ သိရသည်။

သင်္ကြန်ကာလအတွင်း ပြေးဆွဲသော အဝေးပြေး မှန်လုံယာဉ်လိုင်းများမှာ မော်လမြိုင်-ရန်ကုန်သို့ ပြေးဆွဲသော ယာဉ်လိုင်း ခြောက်လိုင်းနှင့် မော်လမြိုင်-ထားဝယ်သို့ပြေးဆွဲသော ယာဉ်လိုင်တစ်လိုင်းတို့ ဖြစ်ကြောင်း မွန်ပြည်နယ် ယာဉ်ထိန်းသိမ်းကြီးကြပ်ရေးကော်မတီ (ယ.ထ.က) မှ အတွင်းရေးမှူး ဦးကျော်ဝင်းမောင်က ပြောဆိုသည်။

“ဒီနှစ်ပိတ်မယ့် ယာဉ်လိုင်းတွေများတယ်၊ သင်္ကြန်မှာ ယာဉ်ကြောရှုပ်ထွေမှုနဲ့ ယာဉ်ကြောပိတ်ဆိုမှုတွေ ဖြစ်နေတဲ့အတွက် ယာဉ်အန္တရာယ်ကင်စင်းဖို့၊ နောက်ပြီးတော တချို့ ယာဉ်လိုင်းတွေဆိုရင် ညဘက်မှ ထွက်မယ်လို ပြောထားတယ်”ဟု၎င်းက ဆိုသည်။

သင်္ကြန်ကာလ အတွင်း မော်လမြိုင်မှ ပြေးဆွဲမည့် ယာဉ်လိုင်းများမှာ မန္တလာမင်း၊ ယူနီဗာဆယ်၊ ပစ်တိုင်တောင် (PTT)၊ အာကာမင်း၊ မိဟာရ၊ အောင်စိုးမိုးနှင့် ထွန်းမြင့်မိုရ် ယာဉ်လိုင်တို့က ပြေးဆွဲသွားမည်ဖြစ်ကြောင်း၎င်းက ဆက်လက်ပြောကြားသည်။

“တိုင်တဲ့ ခရီးသည်တွေရှိရင် ဈေးတင်တဲ့ ယာဉ်လိုင်းကို ခေါ်လိုက်မယ်။ ဒီခရီးသည်တွေနဲ့ ညှိနှိုင်းမယ်၊ ခရီးသည်က မကျေနပ်ဘူးဆိုရင် ယာဉ်လိုင်းကို ယာယီပြေးဆွဲခွင့် ရပ်ဆိုင်းမယ်၊ ဒီစာကိုတော့ ကျွန်တော်တို့ သင်္ကြန်ကာလ မတိုင်မီမှာ စာထုတ်ပေးမည်”ဟု၎င်းက ထပ်မံရှင်းပြသည်။