ချောင်းဆုံမြို့အဝင် ဘီးခွန်ကောက်ခံခြင်းကို စည်ပင်ဝန်ထမ်းများကိုယ်တိုင် ကောက်ခံနေဟုဆို

ချောင်းဆုံမြို့နယ်တွင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွက် မြို့ဝင်ဘီးခွန် ကောက်ခံခြင်း လုပ်ငန်းလိုင်စင်ကို တင်ဒါစနစ်ဖြင့် ဆွဲဝယ်ရောင်းချခဲ့သော်လည်း တင်ဒါအောင်မြင်သူက လုပ်ငန်းလိုင်စင်အားဌာနသို့ ပြန်လည်အပ်နှံလိုက်သည့်အတွက် စည်ပင်ဝန်ထမ်းများကိုယ်တိုင် ချောင်းဆုံမြို့အဝင် ဘီးခွန်ကောက်ခံနေရကြောင်း ချောင်းဆုံမြို့နယ် စည်ပင်သာယာရေးဌာနမှ သိရသည်။

“တစ်မြို့နယ်လုံးကို လုပ်ငန်းလိုင်စင်ရယူထားသူက ခြုံငုံကောက်ခံခွင့်မရတဲ့အတွက် လေလံပြန်လည် အပ်နှံလိုက်တာဖြစ်တယ် အခုလောလောဆယ်တော့ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ ကောက်ခံသွားမှာဖြစ်တယ် နောက်ပိုင်းမှာ အရပ်ဖက်ဝန်ထမ်းတွေနဲ့ ကောက်ခံနိုင်ဖို့ညှိနိုင်းနေဆဲဖြစ်တယ်” ဟုချောင်းဆုံမြို့နယ် စည်ပင်သာယာရေးဌာနမှ ဒုဦးစီးမှူး ဦးဆန်းဦးက ဆိုသည်။

ချောင်းဆုံမြို့နယ်တွင် မြို့အဝင် ဘီးခွန်ကောက်ခံခြင်းကို မြို့ပေါ်ရပ်ကွက်များဖြစ်သည့် ပလဝမ်းကျေးရွာနှင့် ချောင်းဆုံအနောက်ရပ်ကွက်တို့တွင် ဂိတ်နှစ်ဂိတ်ဖွင့်လှစ်ကောက်ခံနေကြောင်း ချောင်းဆုံမြို့နယ် စည်ပင်သာယာရေးကော်မတီမှ စည်းကမ်းထိန်း(၃) ဦးတိုးသူရကျော်က ပြောသည်။

မြို့အဝင်ဘီးခွန်အတွက်၊ တစ်နှစ်စာပေးသွင်းလိုပါက သတ်မှတ်နှုန်းထားအတိုင်း ပေးသွင်းနိုင်ကြောင်း၊ တစ်နေ့တာသတ်မှတ်ချက်အနေဖြင့် ယာဉ်ငယ်တစ်စီး ၁ တန်အောက် ၂၀၀ ကျပ်၊ ၁ တန်မှ ၃ တန် ကြား ယာဉ်များ ၂၀၀ ကျပ်၊ ၃ တန်မှ ၅တန်ကြားယာဉ်များ ၃၀၀ ကျပ်၊ ၅ တန်နှင့်အထက် ၅၀၀ ကျပ် ကောက်ခံနေပြီး ဆိုင်ကယ်ကို ကောက်ခံနေခြင်းမရှိကြောင်း ချောင်းဆုံမြို့မှ ဦးမြင့်လွင်က ပြောသည်။

ချောင်းဆုံမြို့အဝင်ဘီးခွန်ကောက်ခံခြင်းကို သက္ကောကျေးရွာ ကိုးနဝင်းဘုရားလမ်းကြားမှ အလွယ်တစ်ကူရှောင်တိမ်း၍ ရနိုင်ကြောင်း ဒေသခံအချို့က ပြောဆိုသည်။

“ဌာနက တာဝန်ယူမှုတာဝန်ခံမှု အားနည်းတယ်၊ လေလံဆွဲဝယ်တုန်းက သတ်မှတ်ထားတဲ့စည်းကမ်းချက်တွေနဲ့ ကိုက်ညီမှုမရှိလို့ လုပ်ငန်းလှိုင်စင် ပြန်လည်အပ်နှံလိုက်တာဖြစ်တယ်”ဟု မြို့အဝင်ဘီးခွန်လုပ်ငန်းလိုင်စင် အောင်မြင် ခဲ့သူ ဦးမြင့်အေးက ဆိုသည်။

ချောင်းဆုံမြို့နယ်စည်ပင်သာယာရေးဌာနတွင် ဝန်ထမ်း ၁၄ ဦးဖြင့် လုပ်ငန်းလည်ပတ်နေကြောင်း၊ မြို့အဝင်ဘီးခွန်ကောက်ခံသည့်လုပ်ငန်းအပြင် မိခင်ပင်မလုပ်ငန်းများကိုပါ လုပ်ကိုင်ရမည်ဖြစ်၍ လုပ်ငန်းအခက်အခဲ ရှိလာနိုင်ကြောင်း အဆိုပါဌာနမှ သိရသည်။