အကြိမ် ၇၀ မြောက် မွန်တော်လှန်ရေးနေ့အခမ်းအနားကို ဝင်းစိန်တောရ၊ အာဇာနည်ကုန်းတွင်ကျင်းပမည်

အကြိမ် ၇၀ မြောက် မွန်တော်လှန်ရေးနေ့အခမ်းအနားကို သြဂုတ်လ ၇ ရက်(ဝါခေါင်လပြည့်နေ့)၌ မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ဝင်းစိန်တောရ၊ အာဇာနည်ကုန်းတွင် ကျင်းပမည်ဖြစ်ကြောင်း မွန်တော်လှန်ရေးနေ့ ဖြစ်မြောက်ရေးကော်မတီထံမှ သိရသည်။

“မွန်တော်လှန်ရေးနေ့က မွန်ပြည်သစ်ပါတီက အရင်ကျင်းပနေတာ ဒီနောက်ပိုင်းမှာတော့ ပြည်တွင်းမှာရှိတဲ့ လူငယ်တွေ စတင်ကျင်းပလာတယ်။ အဲဒီတော့ ဒီလိုမျိုးနှစ်စဉ်နှစ်တိုင်း ကျင်းပနေတာဟာ ကျွန်မတို့ လူမျိုးရဲ့ တော်လှန်ရေးစိတ်ဓာတ်ကို နှိုးဆော်ပေးတာပါ”ဟု ကော်မတီဝင် မိစန္ဒာနွန်က ပြောကြားသည်။

အဆိုပါတော်လှန်ရေးနေ့ကို ကျင်းပနိုင်ရန် မြို့နယ်အသီးသီးနှင့် မွန်အဖွဲ့အစည်းအသီးသီးတို့ ပူးပေါင်းကာ ဖြစ်မြောက်ရေးကော်မတီတစ်ရပ်ဖွဲ့စည်းထားပြီး ဇူလိုင်လ ၂၄ ရက်နေ့တွင် အစည်းအဝေး ကျင်းပမည်ဖြစ်ကာ အစီအစဉ်များ ချမှတ်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ကျဆုံးသွားသည့် မွန်တော်လှန်ရေး အာဇာနည်ခေါင်းဆောင်များကို ဂုဏ်ပြုသည့်အနေဖြင့် မွန်တော်လှန်ရေးနေ့ကို ကျင်းပပြုမည်ဖြစ်ကြောင်း မိစန္ဒာနွန်က ပြောသည်။

ယမန်နှစ်က ၆၉ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့အခမ်းအနားကို မုဒုံမြို့နယ်၊ ဝင်းစိန်တောရ၊ အာဇာနည်ကုန်းတွင် ကျင်းပခဲ့သည့်အပြင် နေရာအသီးသီးရှိ မွန်လူမျိုးများ၊ ပြည်ပရောက်မွန်လူမျိုးများလည်း ကျင်းပခဲ့သည်။

၆၉ ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားတွင် MCL ကုမ္ပဏီမှ ဘိလပ်မြေစက်ရုံသုံး ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားစက်ရုံတည်ဆောက်နေမှုကို ကန့်ကွက်ကြောင်းနှင့် မွန်အမျိုးသားနေ့ တရားဝင်ရုံးပိတ်ရက် ရရှိရေးလက်မှတ်များကို ကောက်ခံခဲ့သည်။