မွန်ပြည်နယ်တွင် တစ်လအတွင်း မြို့ဝင်ကြေး ကျပ်သိန်း ၁၁၀၀ ကျော် ကောက်ခံရရှိ

မွန်ပြည်နယ်စည်ပင်ယာသာရေးအဖွဲ့မှ ပြည်လည်ကောက်ခံလျက်ရှိသည့် မြို့ဝင်ကြေးမှာ တစ်လအတွင်း ကျပ်သိန်း ၁၁၀၀ ကျော် ရရှိထားကြောင်း ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်အောင်က ပြောကြားသည်။

“ကိုယ့်ဝန်ထမ်းနဲ့ကိုယ် သေသေချာချာကောက်ခံတဲ့အတွက်ကြောင့် အရင်နှစ်ထက် ပိုရမယ်လို့ထင်တယ်။ နှစ်ကုန်မှဘယ်လောက်ပိုရ တယ်ဆိုတာ ပြောလို့ရမယ်”ဟု ၎င်းက ပြောသည်။

မွန်ပြည်နယ် ၁၀ မြို့နယ်လုံးတွင် ဇွန် ၇ ရက်နေ့က စတင်ကောက်ခံခဲ့ရာ ဇူလိုင် ၄ ရက်နေ့အထိ ငွေကျပ် ၁၁၃၇ သိန်း ရရှိထားကြောင်း၊ ကောက်ခံရရှိသည့် ဝင်ငွေများမှာ ပြည်နယ်အစိုးရ ဘတ်ဂျက်ရန်ပုံငွေအဖြစ် ဝင်ရောက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ယခင်နှစ်တွင် မြို့ဝင်ကြေးအခွန်များကို ရွေသံလွင်ကုမ္ပဏီနှင့် ဟိုင်းဝေးကုမ္ပဏီတို့က ပူးပေါင်းပြီး BOT စနစ်ဖြင့် ကောက်ခံခဲ့ခြင်းဖြစ်ပြီး၊၂၀၁၆ ခုနှစ်တွင် ငွေကျပ် သန်း ၄၂၄ ဒသမ ၇၀၇၉ သန်း ကောက်ခံရရှိထား ကြောင်း မွန်ပြည်နယ် စည်ပင်သာယာရေးရုံးမှ စာရင်းမှတ်တမ်းအရ သိရသည်။