လွှတ်တော်ရုံးဦးစီးမှူးက ဝန်ထမ်းသစ်ထံမှ သုံးသိန်းတောင်းမှု မှန်ကန်ကြောင်းတွေ့ရှိ

  • ခုနှစ်
  •  ရွှေရိုး/ဟင်္သာမီဒီယာ
  • ဟင်္သာမီဒီယာ

မွန်ပြည်နယ်လွှတ်တော်အကြီးအကဲများများ ကန်တော့ရန်အတွက်ဟုဆိုကာ ဦးစီးမှူးတစ်ဦးက ငွေသုံးသိန်းတောင်းခဲ့သည်ဟု တိုင်ကြားမှုအပေါ် စစ်ဆေးခဲ့ရာ မှန်ကန်ကြောင်းတွေ့ရှိရသဖြင့် ပြည်နယ်လွှတ်တော်နှင့် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြသွားမည်ဖြစ်ကြောင်း စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကျော်သူက ပြောကြားသည်။

“အဓိက တွေ့ရှိချက်ထဲမှာ ငွေတောင်းတယ်ဆိုတဲ့ကိစ္စက ပေါ်လွင်တယ်။ ဒါပေမဲ့ တောင်းတဲ့ငွေကို မပေးလိုက်ရ ဘူး၊ တိုင်ကြားတဲ့ကောင်လေးကသူကြိုးစားပြီးဖြေခဲ့တဲ့အလုပ်ကိုတောင် စွန့်လွှတ်ပြီး ဒီတိုင်စာကို ရေးခဲ့တာဖြစ်တယ်။ ဝန်ထမ်းတွေကို ခေါ်ယူစစ်ဆေးတဲ့အခါမှာလည်း ငွေတောင်းတယ်ဆိုတဲ့ကိစ္စက သေချာနေတယ်”ဟု ၎င်းက ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာ ဦးစီးမှူးများ၊ ညွှန်ကြားရေးမှူးများနှင့် တိုင်ကြားသူများကို ခေါ်ယူစစ်ဆေးခဲ့ပြီး စစ်ဆေးတွေ့ရှိချက်၊ သုံးသပ်ချက်နှင့် အကြံပြုချက်များကို ဇူလိုင်လ ၁၃ရက်နေ့တွင် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြသွားမည်ဖြစ်ကြောင်း ဦးအောင်ကျော်သူက ဆိုသည်။

“ကျွန်တော်တို့အနေနဲ့ကတော့ လွှတ်တော်ဥက္ကဋ္ဌရဲ့ အကြံပေးချက်အရ ဒါကိုစစ်ဆေးခဲ့တယ်။ တွေ့ရှိချက်တွေ ကို တင်ပြသွားမယ်။ ကျန်ရှိတဲ့လုပ်ဆောင်ရမယ့်အပိုင်းတွေကတော့ သက်ဆိုင်ရာထွေအုပ်ဌာန အနေနဲ့ သူ့မိခင်ဌာနတွေ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်”ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။

ယင်းလုပ်ရပ်နှင့် ပတ်သက်၍ ရာနှုန်းပြည့်ကန့်ကွက် ရှုတ်ချသည့်အပြင် အဆိုပါဖြစ်ရပ်မျိုး ထပ်မံ မဖြစ်ပွားနိုင်စေရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိက ဆိုသည်။

“လွှတ်တော်ဆိုတာ ပြည်သူတွေ အားကိုးတဲ့နေရာ ၊ပြည်သူ့အသံကို အမြဲတမ်း နားထောင်နေရတယ်၊ ဒီနေရာက ဥပဒေပြုရေးနေရာလည်းဖြစ်တယ်၊ ပြည်သူတွေအားကိုးနေတဲ့လွှတ်တော်မှာ ဒီလိုမျိုးဖြစ်တယ်ဆို တော့ အန်တီအနေနဲ့ ၁၀၀ ရာခိုင်နှုန်းရှုတ်ချတယ်”ဟု ၎င်းက ပြောသည်။