တန်ဖိုးနည်း အိမ်ရာတစ်ခန်းကို ကျပ်သိန်း ၁၅၀ နှင့် ၂၀၀ ကြားသာ ရောင်းချပေးမည်

မွန်ပြည်နယ်အတွင်းရှိ အခြေခံလူတန်းစားနှင့် ဝန်ထမ်းများအတွက် ရည်ရွယ်တည်ဆောက်မည့် တန်ဖိုးနည်းအိမ်ရာ အခန်းတစ်ခန်းကို ကျပ်သိန်း ၁၅၀ မှ ၂၀၀ ကြားသာ ရောင်းချပေးမည်ဖြစ်ကြောင်း မွန်ပြည်နယ်စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေး ဝန်ကြီးဦးမင်းကျော်လွင်က ဇူလိုင် ၁၀ ရက်တွင် ဟင်္သာမီဒီယာကို ပြောကြားသည်။

“တန်ဖိုးနည်း အိမ်ရာတွေရဲ့ တန်ဖိုးက သိန်း ၁၅၀ နဲ့ ၂၀၀ ကြားလောက်ပဲ ဖြစ်တယ်၊ တည်ဆောက်ရေးစရိတ်က သိန်း ၁၅၀ လောက်ကျနေတယ်”ဟု ၎င်းက ဆိုသည်။

တန်ဖိုးနည်းအိမ်ရာစီမံကိန်းနှစ်ခုကို မော်လမြိုင်မြို့နယ်ရှိ ကြာအင်းကျေးရွာနှင့် သံဖြူဇရပ်မြို့နယ်ရှိ ဖောင်စိန်ကျေးရွာတို့တွင် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်အတွင်း အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း ကြာအင်းကျေးရွာ၌ တည်ဆောက်မည့် စီမံကိန်းတွင် ၁၆ ခန်းပါ ၄ ထပ်တိုက် ၁၆ လုံး တည်ဆောက်သွားမည်ဖြစ်ပြီး အခန်းပေါင်း ၂၅၆ ခန်း ပါဝင်မည်ဖြစ်၍ ဦးမင်းကျော်လွင်က ထည့်သွင်းပြောဆိုသည်။

“လက်ရှိက မြေတိုင်းတဲ့ အဆင့်ပဲရှိသေးတယ်၊ ဗိသုကာပုံထုတ်ပြီးရင်တော့ တင်ဒါခေါ်သွားမယ်”ဟု ၎င်းက ဆိုသည်။

အိမ်ရာစီမံကိန်းနှစ်ခုကို ကျပ်သန်း ၅၀၀၀ ကုန်ကျခံ တည်ဆောက်သွားမည်ဖြစ်ကြောင်းသိရသည်။

မော်လမြိုင်မြို့တွင်ယခင် အစိုးရလက်ထက်က သီရိမင်္ဂလာတန်ဖိုးနည်း အိမ်ရာကို ဆောက်လုပ်ခဲ့ကာ ငါးနှစ်အတွင်း ကျပ်ငွေသိန်း ၁၂၀ မှ ၁၃၅ သိန်းအထိ အရစ်ကျပေးသွင်းခဲ့ရကြောင်း ဒေသခံများက ပြောကြားသည်။

ယခုအခါ သီရိမင်္ဂလာ တန်ဖိုးနည်းအိမ်ရာ တန်ဖိုးသည် သိန်း ၂၅၀ မှ ၄၀၀ အထိ ပေါက်ဈေးရှိနေသည်။