အရည်အသွေးမြင့် ရော်ဘာစက်ရုံတည်ဆောက်ရန် ပြည်နယ်အစိုးရ ချေးငွေစိုက် ထုတ်ပေးမည်

မွန်ပြည်နယ် ရော်ဘာလုပ်ငန်းရှင် အစုအဖွဲ့များမှ အရည်အသွေးမြင့် ရော်ဘာစက်ရုံတည်ဆောက်ရန် တင်ပြလာပါက ပြည်နယ်အစိုးရအနေဖြင့် ချေးငွေစိုက်ထုတ် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“ ကျပ်သိန်း သုံးထောင်လောက် ကုန်မယ်ဆိုရင်တော့ ပြည်နယ်အစိုးရအနေနဲ့ သိန်းပေါင်း၁၈၀၀လောက် စိုက်ထုတ်ပေးမယ်။ ဆောင်ရွက်ချင်တဲ့ အစုအဖွဲ့တွေကနေ သိန်းပေါင်း ၁၂၀၀ လောက်ထည့်ပေါ့။ SMEs နဲ့ ရော်ဘာလုပ်ငန်းကို အထောက်အကူပေးတဲ့ လုပ်ငန်းစဉ်တစ်ခု ပြည်နယ်ဝန်ကြီး ချုပ်အနေနဲ့ လုပ်ဆောင်ချင်တဲ့ သဘော ချပြသွားတယ် ” ဟု စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ် ရေးဝန်ကြီး ဦးထွန်းဌေး ကဆိုသည်။

မွန်ပြည်နယ်အစိုးရနှင့် လုပ်ငန်းရှင်များပူးပေါင်းကာ ဖက်စပ်စနစ်ဖြင့် အရည်အသွေးမြင့် ရော်ဘာစက်ရုံ တည်ဆောက် သွားရန်ရှိကြောင်း၊ လက်ရှိတွင် အဆင့်မြင့်ရော်ဘာ ထုတ်လုပ်ရာ၌ ခြံငယ်ရှင်များမှာ ရော်ဘာထုတ်လုပ်နိုင်မှု နည်းပါးနေသေးကြောင်း ကျိုက်မရောမြို့နယ် ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများ အသင်းဥက္ကဋ္ဌ ဦးအေးအောင်က ဟင်္သာမီဒီယာကိုပြောသည်။

“ ချေးငွေရမယ်၊ အဆင့်မြင့်ရော်ဘာ ထုတ်လုပ်နိုင်တဲ့စက်ရုံကို တည်ဆောက်နိုင်မယ်ဆိုရင် ပြည်ပကိုလည်း ရောင်းချနိုင်တယ်။ ပြည်တွင်းကိုလည်း ဈေးကောင်းကောင်းနဲ့ ရနိုင်တဲ့အတွက် ရော်ဘာ တောင်သူတွေ အတွက် ဝင်ငွေပိုတိုးလာမှာပေါ့” ဟု ၎င်းကဆိုသည်။

ရော်ဘာစိုက်တောင်သူများအနေဖြင့် မျိုးကောင်းမျိုးသန့် ထုတ်ကုန်များ ဖြစ်လာရေးအတွက် အစိုးရ၏ထောက်ပံ့မှုများ လိုအပ်လျက်ရှိကြောင်း၊ မွန်ပြည်နယ်တွင် ရော်ဘာ စိုက်ဧကပေါင်း လေးသိန်းကိုးသောင်း ကျော်ရှိပြီး၊ ရှစ်ဆယ်ရာခိုင်နှုန်းကျော်ခန့်မှာ ငါးဧကအောက် စိုက်ပျိုးလုပ်ကိုင်နေသူများဖြစ်ကြောင်း သိရသည်။

“မျိုးကောင်းမျိုးသန့် ထုတ်လုပ်ရေးကို ဦးတည်ပြီး ဆောင်ရွက်နေဆဲဖြစ်ပါတယ်။ နိုင်ငံတော်က တစ်ဖက် တစ်လမ်းကနေ ချေးငွေထုတ်ပေးမှ ရင်းနှီးမြှုပ်နှံမှုအားကောင်းမှ မျိုးကောင်းမျိုးသန့် ထုတ်လုပ်တဲ့အပိုင်း၊ အရည်အသွေးမြင့်တဲ့ရော်ဘာ ထုတ်လုပ်တဲ့အပိုင်းတွေ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်” ဟု ဘီးလင်းမြို့နယ် ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းနာယက ဦးဖိုးဌေး ကပြောသည်။

ရော်ဘာအရည်အသွေးဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို သြဂုတ်၁ရက်တွင် မော်လမြိုင်မြို့၊ပြည်နယ်အစိုးရအဖွဲ့ ဟင်္သာခန်းမတွင်ကျင်းပခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ်၊ စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး အပါအဝင် မွန်ပြည်နယ်ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ လုပ်ငန်းရှင်များ တက်ရောက်ဆွေးနွေးခဲ့ကြောင်းသိရသည်။