မွန်နှစ်ပါတီ မပေါင်းစည်းနိုင်ခြင်းကြောင့် မွန်အမျိုးသားပါတီဝင် ၆၀ ကျော် နုတ်ထွက်

မွန်နှစ်ပါတီပေါင်းစည်းနိုင်စွမ်းမရှိသည့်အတွက် ကျိုက်မရောမြို့နယ် မွန်အမျိုးသားပါတီ(MNP) ဒုတိယ ဥက္ကဌအပါအဝင် ပါတီဝင် ၆၀ ကျော် ပါတီမှနုတ်ထွက်လိုက်ပြီဖြစ်ကြောင်း မွန်အမျိုးသားပါတီမှ နုတ်ထွက်ခဲ့သည့် ဗဟိုအလုပ်အမှုဆောင် မိစန္ဒာနွန်က အတည်ပြုပြောကြားသည်။

မွန်အမျိုးသားပါတီ ကျိုက်မရောမြို့နယ် ဒုတိယဥက္ကဌ၊ မြို့နယ်အထွေထွေအတွင်း ရေးမှူး၊ မြို့နယ်အလုပ်အမှုဆောင်နှင့် ရပ်ကျေးအဆင့်မှအစ ပါတီဝင်စုစုပေါင်း ၆၀ ကျော်တို့သည် သြဂုတ်လ ၂၉ ရက်က ပါတီဗဟိုသို့ နုတ်ထွက်စာ တင်ထားကြောင်း၎င်းက ဆိုသည်။

“အခုလက်ရှိအခြေအနေအရ ဘယ်လိုမှ ရှေ့ဆက်သွားလို့မရတော့လို့ နုတ်ထွက်စာတင်တယ်။ ၂၀၁၅ ရွေး ကောက်ပွဲပြီးတဲ့နောက်မှာ နှစ်ပါတီမပေါင်းရင် ပါတီကိုယ်စားတစ်ခုခုလုပ်ရင် ပါတီဝင်တွေက မပါလာတော့ဘူး။ ဒါကြောင့် ကျွန်မတို့ကတော့ သူတို့အသံတွေကို နားထောင်ပေးရမယ်”ဟု မိစန္ဒာနွန်က ပြောသည်။

နှစ်ပါတီပေါင်းစည်းနိုင်စွမ်းမရှိတော့သည့်အတွက် မိမိတို့အနေဖြင့်လည်း ပါတီတွင် ရှိမနေသင့်ကြောင်း၊ မိမိတို့နုတ်ထွက်ပြီးပါကလည်း မွန်ပြည်သူများကိုယ်စား မွန်နိုင်ငံရေးသစ်ပါတီတစ်ရပ် ပေါ်ထွန်းလာရေးကို ဝိုင်ဝန်းကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၎င်း က ဖြည့်စွက်ပြောသည်။

“တစ်ချိန်တုန်းက ပါတီဆိုတာ ကျွန်တော်တို့နားမလည်ခဲ့ဘူး။ ၂၀၁၅ မှာ နှစ်ပါတီပေါင်းစည်းလို့ မွန်အမျိုးသား ပါတီထွက်လာတယ်။ ကျွန်တော်တို့လည်း အားတွေရှိလာတော့ ကျွန်တော်တို့က ပါတီထဲဝင်ပြီး လုပ်ကြတယ်။ အခုနောက်ပိုင်းမှာ မွန်ပြည်သူတွေ မျှော်လင့်ထားသလို ဘာတစ်ခုမှ အကောင်အထည်မဖော်နိုင်ခဲ့ဘူး”ဟု နုတ်ထွက်ခဲ့သူ တစ်ဦးဖြစ်သော မွန်အမျိုးသားပါတီ ကျိုက်မရောမြို့နယ် အထွေအထွေအတွင်းရေးမှူး နိုင်မင်းဉာဏ်လင်းက ပြောကြားသည်။

မွန်နှစ်ပါတီမှာ လက်ရှိအခြေအနေအတိုင်းသာ ရှေ့ဆက်နေမည်ဆိုပါက လာမည့် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင်လည်း ထူးခြားသည့်ရလဒ်တစ်ခု ထွက်ပေါ်လာနိုင်မည်မဟုတ်သည့်အတွက် မိမိတို့သည် ယခုအချိန်မှ စပြီး မွန်အမျိုးသားပါတီ(MNP)မှ နုတ်ထွက်လိုက်ပြီးဖြစ်ကြောင်း၊ မွန်ပြည်သူများကို အကျိုးဖြစ်စေမည့် မွန်စာပေနှင့် ယဉ်ကျေးမှုကိုသာ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၎င်းက ဆိုသည်။

အဆိုပါ နုတ်ထွက်မှုနှင့် ပတ်သက်၍ “ရုံးကို စာရောက်ပြီးတော့မှပဲ သူတို့အမှန်တကယ်နုတ်ထွက်တာ ဟုတ်မဟုတ် ပြန်လည်သုံးသပ်ပြီးတော့ အကယ်၍ သူတို့က အမှန်တကယ်နှုတ်ထွက်တယ်ဆိုရင်တော့ ကျွန်တော်တို့ ဘာမှလည်း တားလို့မရပါဘူး”ဟု မွန်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး နိုင်လယီတမက ပြောကြားသည်။

ပြီးခဲ့သည့်၂၀၁၆ နိုဝင်ဘာလအတွင်းက ကော့ကရိတ်မြို့နယ်မှ ဗဟိုကော်မတီဝင်နှစ်ဦးနှင့် မြို့နယ်ကော်မတီသုံးဦးတို့က မွန်နိုင်ငံရေးပါတီ ခေါင်းဆောင်များအပေါ်  ယုံကြည်မှုမရှိသည့်အတွက် ပါတီမှ နုတ်ထွက်ခဲ့သည်။