ပျံကျဈေးများ စနစ်တကျဖြစ်လာစေရန် ဈေးလေးဈေးကို အဆင့်မြှင့်တင်မည်ဟု စည်ပင်ဝန်ကြီးဆို

လက်ရှိအစိုးရဆောင်ရွက်နေသည့် ပျံကျဈေးများ စည်းစနစ်တကျဖြစ်လာစေရန် ဈေးလေးဈေးကို အဆင့်မြှင့်တင် သွားမည်ဖြစ်ကြောင်း စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်က ပြောကြားသည်။

မြိုင်ရတနာဟင်းရွက်ဈေး၊ ဘဲကုန်းဈေး၊ ကျောက်တန်းဈေးနှင့် ဒိုင်းဝန်ကွင်းဈေးတို့ကို ယခုနှစ် ပြည်နယ်ဖြည့်စွက် ဘတ်ဂျက်၌ ထည့်သွင်းရေးဆွဲကာ အဆင့်မြှင့်တင်ရန် စီမံဆောင်ရွက်ထားကြောင်း ၎င်းက ဆိုသည်။

“အဓိကကတော့ ပျံကျဈေးတွေကို စည်းကမ်းတကျဖြစ်အောင် အဆင့်မြှင့်တင်ဖို့ ဖြည့်စွက်ဘတ်ဂျက်ထဲမှာ ရေးဆွဲထားပြီးရအောင်ဆောက် သွားမယ်”ဟု ဝန်ကြီးက ပြောသည်။

သြဂုတ်တတိယအပတ်ကမွန်ပြည်နယ်ဝန်ကြီးချုပ်၊စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီးနှင့်အဖွဲ့ဝင်များသည် မြိုင်ရတနာဈေးလက်ရှိအခြေအနေကို သွားရောက်ကြည့်ရှုထားကြောင်း သိရသည်။

ထို့ပြင် မြိုင်ရတနာဈေးတွင် သားငါးဈေးတန်းအနေဖြင့် ရောင်းချရာ၌ သန့်ရှင်းသပ်ရပ်မှု မရှိသောကြောင့် စနစ်တကျဖြစ်ရန်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြည်နယ်စည်ပင်ညွှန်ကြားရေးမှူး ဦးမြင့်အောင်က ပြောသည်။

“ဈေးရုံတွေရဲ့သက်တမ်းက နှစ်ပေါင်းကြာပြီ။ အိုဟောင်းနေပြီ ဒိုင်းဝန်ကွင်းဈေးဆိုရင် ပြိုလဲတော့မယ်။ တကယ်လို့ မိုးဒဏ်လေဒဏ်ထိရင် ပြိုကျပြီး ပျက်စီးကုန်မယ်။ ဒါကြောင့် အဆင့်မြှင့်တင်တည်ဆောက်ရတာ”ဟု ၎င်းင်းက ပြောသည်။

မြိုင်ရတနာဟင်းရွက်ဈေးကို ဈေးဧရိယာရှိသည့်အတိုင်းအထပ်မြှင့် တိုးချဲ့တည်ဆောက်သွားမည်ဖြစ်၍ နမူနာပုံစံငယ်တစ်ခုကိုလတ်တလောတွင် အကြမ်းရေးဆွဲပြုစုထားကြောင်း သိရသည်။

Last modified onWednesday, 06 စက်တင်ဘာလ 2017 17:29