BNI Online

Wednesday, Feb 08th

Last update11:06:31 PM GMT

ENGLISH VERSION
You are here ဆောင်းပါး မွန်အေဂျင်စီ အမှိုက်ကို ရွှေဖြစ်အောင် လုပ်သူများ

အမှိုက်ကို ရွှေဖြစ်အောင် လုပ်သူများ

ဝေလီဝေလင်း မနက်ခင်း၊ အိမ်ရှေ့တွင် လူမမယ်အရွယ် ကလေးငယ်တစု၏ ဆူညံနေသည့် အသံနှင့် ကျားဗိုလ်၏ ကျယ်လောင်သည့် ဟောင်သံရောနှောသံ....

ဝေလီဝေလင်း မနက်ခင်း၊ အိမ်ရှေ့တွင် လူမမယ်အရွယ် ကလေးငယ်တစု၏ ဆူညံနေသည့် အသံနှင့် ကျားဗိုလ်၏ ကျယ်လောင်သည့် ဟောင်သံရောနှောသံကြောင့်  တိတ်ဆိတ်နေသည့် ပတ်ဝန်းကျင်ကို လှုပ်နိုးလိုက်သလို အိပ်နေသည့် ကျနော်လည်း လန့်နိုးလာသည်။

လူခြေ တိတ်ပြီး၊ ဆိတ်ငြိမ်နေသည့် စာရေးသူ နေထိုင်သည့် ရပ်ကွက်အတွင်း နေထိုင်သူများသည် တည်ငြိမ် အေးချမ်းပြီး၊ စည်းကမ်းပြည့်ဝမှု ရှိကြောင်း လမ်းကြောတလျှောက် အမှိုက်သရိုက် ရှင်းလင်းနေသည်က သက်သေ ပြနေသည်။

အချိန်မတော် ဒီကလေးတွေ ရပ်ကွက် လမ်းမကြီးပေါ်မှာ ဘာကြောင့်ရောက် စောစောစီးစီး ရောက်နေကြတာ ပါလိမ့်ဟု တွေးနေမိရင်း သိလိုဇောနှင့် အိပ်ရာမှ ထကြည့်မိသည်။

ရှစ်နှစ်၊ ကိုးနှစ်အရွယ် သနားကမား မျက်နှာပေးနဲ့ ကလေးငယ် သုံးယောက်ကို အိမ်ရှေ့က လင်းထိန်နေသည့် မာကြူရီမီးတိုင်အောက်တွင် အထင်းသား သူတို့ကို တွေ့နေရပါပြီ။ ကျနော့်ကို တွေ့တော့ အမှိုက်ပုံးကို အလု အယက် ဖွနေကြတဲ့ ကလေးတွေက စိုးရိကြောက်ရွံ့တဲ့ အနေအထားနဲ့ ခေတ္တ ရပ်လိုက်ကြပြီး ကျနော့ကို လှမ်းကြည့်နေကြသည်။

ခေတ္တ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည့် အနေဖြင့် ကျနော်ကပင် စ၍ သူတို့ကို စကားစပြောလိုက်သည်။

“သားတို့ ဘယ်က လာကြလဲ။ ဒီလိုမိုးမလင်းသေးဘဲနဲ့ အော်ကြီးဟစ်ကျယ် ဘာလို့ ဆူညံနေကြတာလဲ’’ ဟု မေးလိုက်တော့ ကလေးသုံးယောက်လုံးက မဆိုင်းမတွပင် တပြိုင်နက် ယခုလို ပြန်လည်ပြောလာသည်။

သူတို့က “သားတို့ လောရှမ်းကုန်းဘက်က လာတာပါ။ အမှိုက်ပုံးထဲက သံဘူးခွံ၊ ပုလင်းခွံ၊ ပလပ်စတစ်ဘူးခွံတွေကို လာကောက်တာပါ။ ဒါကို ရောင်းလိုက်ရင် ပိုက်ဆံ ရတယ်၊ ဒီရတဲ့ ပိုက်ဆံကို အမေ့ကို ပေးရတယ်။ ဆန်ဝယ် စားဖို့ပါ” ဟု  စာရေးသူကို ပြောပါသည်။

လောရှမ်းကုန်း ဆိုသည်မှာ စံခလပူရီမြို့၊ အရှေ့မြောက်ဘက်တွင် ရှိနေသည့် ရပ်ကွက်တခု ဖြစ်ပြီး၊ ဒေသခံ လောရှမ်း၊ ကရင်လူမျိုးများနှင့် မကြာသေးခင်က ပြောင်းရွှေ့လာကြသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ စုပေါင်းနေထိုင်ကြသည်။ အများစုက တောင်ယာစိုက်ပျိုးရေးနှင့် တနိုင်တပိုင် ငါးဖမ်းအလုပ်ကို အဓိက လုပ်ကိုင် ကြသည်။

သို့သော် အသစ် ရောက်ရှိလာသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများမှာမူ အလုပ်ကြမ်းနှင့် နေ့စားအလုပ် ရရှိရန်ပင် မလွယ်ကူသည့်အတွက် တနေ့စာ စားဝတ်နေရေး ဖြေရှင်းရေးအတွက် ရရာ အလုပ်များတွင် ၀င်လုပ် နေကြသည်။

ယခင်နှစ်နှင့်မတူ ယခုနှစ်အတွင်း အပူချိန်မြင့်ကာ မိုးခေါင်သည့်အတွက် သီးနှံစိုက်ပျိုး ဖြစ်ထွန်းမှုလည်း သိသိသာသာ လျော့နည်းသွားသည့်အပြင် တောင်ယာစပါး စိုက်ပျိုးရာတွင်လည်း အခက်အခဲ တွေ့ကြုံ နေကြရသည်။ အလားတူ စံခလပူရီချောင်း ရေခန်းခြောက်သည့်အတွက် ဒေသခံအာဏာပိုင်များက ယခုနှစ် ငါးဖမ်းခွင့်ကို ပိတ်ပင်ထားရာ ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူများ အခက်တွေ့ပြန်သည်။

ထို့အပြင် နိုင်ငံခြားသား ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်လေ့ရှိသည့် ရေပေါ်အိမ် (ဖောင်အိမ်) လုပ်ငန်းမှာလည်း ဧည့်သည် အလာပါးသည့်အတွက် လုပ်ငန်း နားထားရကြောင်း ဖောင်အိမ်လုပ်ငန်း လုပ်ကိုင် နေသူ မွန်အမျိုးသားက အခုလို ငြီးတွားကာ ဆိုသည်။

“ဖောင်အိမ်လည်း ဧည့်သည် သိပ်မရှိတော့ သုံးလကျော် နားထားရလို့ စီးပွားရေး လုပ်ငန်းရှင်တွေက ငြီးနေကြ တယ်”  ဟု ပြောသည်။

ယခုနှစ်အတွင်း ဒေသခံများ လုပ်ငန်းအသစ် မတိုးချဲ့နိုင်သည့်အတွက် ၎င်းတို့ကို မှီခိုလုပ်ကိုင် စားသောက် နေကြသည့် နေ့စား အလုပ်သမားများမှာ အလုပ်ရရန် အခွင့်အလမ်း နည်းပါးသွားသည့်အပြင်၊ မြန်မာရွှေ့ပြောင်း အလုပ်သမားများလည်း အလားတူ စားဝတ်နေရေး ကြပ်တည်းမှုနှင့် ရင်ဆိုင်လာရသည်။

“သားတို့ အဖေက ငါးဖမ်းလှေမှာ နေ့စားလိုက်တယ်။ စံခလပူရီချောင်း ရေခန်းသွားတော့ အလုပ် မရှိတော့ဘူး၊ သုံးလလောက် ရှိသွားပြီး။ အမေလည်း ငှက်ဖျား ဖြစ်နေတယ်။ ညီလေးက အခုမှ တနှစ်သားပဲ ရှိသေးတယ်။ ညတုန်းက ဆန်မရှိတော့ ထမင်းကို နည်းနည်းစီပဲ ဝေစားရတယ်” ဟု စွန့်ပစ်ပစ္စည်း ကောက်ပြီး မိဘနှင့်အတူ ဝမ်းစာ ကူညီရှာဖွေပေးနေသည့် ကလေးတဦးက ပြောသည်။

ယခုလို စွန့်ပစ်ပစ္စည်းမှ ရရှိလာသည့် ဘူးခွံမျိုးစုံကို ပြန်လည်ရောင်းချပြီး ရရှိလာသည့် ဘတ်ငွေ အနည်းငယ်ဖြင့် တနေ့စာ ဖြေရှင်းနေရသည့် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမား မိသားစုဝင်များအဖို့ မလွယ်ကူလှပေ။

ဝမ်းရေးအတွက် ရုန်းကန်နေရသူများအဖို့တော့ အခြားစီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ တိုင်းရေး ပြည်ရေးများကို ယောင်လို့ပင် စိတ်မကူးရဲကြ၊ သူတို့အတွက် အရေးကြီးဆုံးမှာ ၀မ်းရေးပင် ဖြစ်သည်။

အမှိုက်ထဲက ဝမ်းစာအတွက် ရှာဖွေနေသူတွေများ ရှိသလို၊ စွန့်ပစ်ပစ္စည်းများကို လိုက်လံကောက်သိမ်းသူများ အနေဖြင့် ထိုပစ္စည်းများကို ကုန်ကြမ်းမှ ကုန်ချောအဖြစ် ပြောင်းလဲထုတ်လုပ်ကာ၊ ကြီးပွားချမ်းသာ နေသူ များလည်း ရှိနေသည်။ တနည်းအားဖြင့် အမှိုက်ထဲက ရွှေဖြစ်အောင် လုပ်သူများဟု ဆိုနိုင်သည်။

စွန့်ပစ်အမှိုက်များ ကောက်သိမ်းပြီး တလတွင် ပုံမှန်ဝင်ငွေ ဘတ် ၄၀၀၀ ခန့် ရရှိကာ မိသားစု စားဝတ်နေရေး ပြေလည်နေသည့် စံခလပူရီ မွန်ဘက်ကမ်းနေထိုင်သူ ဒေါ်အိချောက “စွန့်ပစ်ပစ္စည်းတွေကို ကျမ နေ့တိုင်း လာကောက်တယ်။ ကျမ ယောက်ျားက လွန်ခဲ့တဲ့ ၄ နှစ်မှာ ဆုံးသွားတော့ သားသမီး လူမမယ်လေးအရွယ် လေးယောက် ကျန်ခဲ့တယ်။ တခြားဆီမှာ အငှားသွားလို့လည်း အခြေအနေ မပေးတော့ အမှိုက်ပုံးက စွန့်ပစ် ပစ္စည်းတွေ လိုက်ကောက်ဖြစ်သွားတယ်” ဟု ပြောသည်။

နိုင်ငံခြားသားများ လာရောက်လည်ပတ်သည့် ပွင့်လင်းရာသီလများတွင်မူ တလ ဘတ် ၇၀၀၀ ပုံမှန် ၀င်ငွေ ရရှိနေသည်ဟု လေးနှစ်ကြာ စွန့်ပစ်ပစ္စည်းကောက်နေသူ ကလေး ၄ ယောက်မိခင်က ဆိုသည်။

ယခုအခါတွင် လုပ်ငန်း ပုံမှန် လည်ပတ်နေပြီ ဖြစ်သည့်အတွက် နေအိမ်မှာပင် ဒိုင်သဖွယ်ဖွင့်ကာ စွန့်ပစ်ပစ္စည်း ရောင်းသူများထံမှ စုသိမ်းပြီး တဆင့်ခံ ပြန်လည်ရောင်းချနေကြောင်း သူမက အခုလို ပြောသည်။

“မနက်ပိုင်း တချိန်လောက်ပဲ လိုက်ကောက်တယ်။ အခု ကောက်တဲ့လူ များတယ်။ အခု အိမ်မှာ ရုံဆောက်ပြီး လာရောင်းတဲ့ ပစ္စည်းတွေကို ဝယ်ပြီး စုထားတယ်။ တဆင့် ပြန်အရောင်းအဝယ် လုပ်တယ်။ အခု ဘတ် ၁၅ သိန်းတန် တိုက်ပုအိမ် တလုံးလည်း ဆောက်လို့ ပြီးသွားပြီ” ဟု ဒေါ်အိချောက အားတက်သရော ဆိုသည်။

စွန့်ပစ်ပစ္စည်းများကို အမျိုးစားလိုက် ခွဲကာ၊ သတ္တု၊ ခဲ၊ သံပျော့များဖြင့် လုပ်သည့် ထုပ်ပိုးပစ္စည်းများ၊ စက္ကူဖာ၊ ရေသန့်ဘူးခွံ၊ ပက်စီဘူးခွံ၊ စသည့် ဘူးခွံပေါင်းစုံများကို အသီးသီး ဈေးနှုန်း သတ်မှတ်ထားသည်။ ရေသန့်၊ ပက်စီဘူးခွံများကို တကီလို ၁၇ ဘတ်၊ အချိုရည်ဘူးခွံနှင့်၊ ကျွဲရိုင်းအချိုရည်ဘူးခွံများကို တကီလို ၁၈ ဘတ် နှင့် ဘီယာဘူးခွံများနှင့် ခလေးငယ်များ သောက်သုံးသည့် နို့ဘူးဝိုင်း အခွံများကိုမူ ၂ လုံးကို ၁ ဘတ် ရောင်းဈေး ရှိကြောင်း သိရသည်။

သူမက “ကောက်ထားတဲ့ ပစ္စည်းတွေကို ပြန်ရောင်းရင် ဝယ်လက်ရဲ့ သုံးဆလောက် အမြတ်ရတယ်။ ဝယ်ထားတဲ့ ပစ္စည်းတွေ ပြန်ရောင်းတဲ့အခါ အရွယ်အစား ထုထည် သေးသွားအောင် ထုလိုက်ရတယ်။ အမျိုးအစား ခွဲပေး ရတယ်၊ ရောင်းလိုတဲ့အခါ ကန်ချနပူရီကို ဖုန်းဆက်လိုက်ရုံပဲ၊ ကုန်တင်ကားရောက်လာရင် သူ့ဟာ သူတင် သွားရုံပဲ။ ဘာပဲဖြစ်ဖြစ် အရင်းထုတ်စရာမလိုဘဲ လိုက်ကောက်ရုံပဲဟာ အမြတ်ချည်းပဲ” ဟုလည်း စိတ်ရှည်စွာ ပြန်လည်ပြောပြနေသည်။

ယခင်က စွန့်ပစ်ပစ္စည်းများကို ရောင်းဝယ်ဖေါက်ကားသူ အများစုမှာ အိန္ဒိယ အနွယ်ဖွားများသာ ဖြစ်သည်။ ၎င်းတို့ အနေဖြင့် ရပ်ကွက်အတွင်း လှည့်လည်ကာ သတ္တုဟောင်း၊ သတ္တိုအစုတ်၊ သတ္တိုအတို အစအနများကို ကုလားပဲနှင့် အလဲအလည်လုပ် စီးပွားရှာပြီး ကြီးပွားနေသူများမှာ ၎င်းတို့ပင် ဖြစ်နေသည်။

စာရေးသူ တွေ့ကြုံခဲ့ဖူးသည့် အဖြစ်ပျက် တခုမှာ စာရေးသူ အိမ်ဘေးက ၇ နှစ်သားအရွယ် မောင်အောင်သိန်းက ရပ်ကွက်ထဲသို့ ‘သတ္တုကုလားပဲ’ ဟု ဒယ်အိုး ဒန်အိုးဟောင်း လိုက်ဝယ်သူ၏ အော်သံကြားကာ မိဘများ မရှိခိုက် အိမ်ရှိ သတ္တုအိုးကြီး အကောင်းတလုံးကို ဆွဲယူလာပြီး ၀ယ်သူရှေ့တွင် ပုံပျက်အောင်ထုကာ ကုလားပဲနှင့် လဲစား လိုက်တော့သည်။

ယခင်က အိန္ဒိယ နွယ်ဖွားများသာ အမှိုက်ထဲက ရွှေဖြစ်အောင် စီးပွားဖြစ် လုပ်ကိုင်စားသောက်သည့် အလေ့အထ ရှိသော်လည်း ယခုအခါ လူမျိုးမရွေး ၎င်းအလုပ်ကို အခြေအနေ ပေးလာသည့်အတွက် လုပ်ကိုင်သူများလည်း ရှိလာပြီ ဖြစ်သည်။ သို့သော် ၀မ်းစာဖူလုံရုံသာ လုပ်ကိုင်စားသောက်သူနှင့် စီးပွားဖြစ်၊ ကြီးပွားချမ်းသာအောင် လုပ်ကိုင်သူ ဟူ၍ အမျိုးစား ၂ ခုသာ ရှိသည်။

 

 

 

 

 

Myanmar Newsမြန်မာ့သတင်း