BNI Online

Wednesday, Feb 08th

Last update11:06:31 PM GMT

ENGLISH VERSION
You are here ဆောင်းပါး မွန်အေဂျင်စီ မတရားသင်းဖြစ်မည်ဟု အပစ်ရပ်တွေကို နအဖ ဖိအားပေးနေ

မတရားသင်းဖြစ်မည်ဟု အပစ်ရပ်တွေကို နအဖ ဖိအားပေးနေ

စစ်အစိုးရကမ်းလှမ်းနေသည့် နယ်ခြားစောင့်တပ်နှင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို ဆန့်ကျင်ပါက မတရား အသင်း ကြေညာခံရပြီး ဥပဒေပြင်ပရောက်သွားမည်ဟု အပစ်ရပ် ၀’ နှင့် မုံးလားတပ်ဖွဲ့တို့အား နအဖ စစ်တပ်က ဖိအားပေး....

စစ်အစိုးရကမ်းလှမ်းနေသည့် နယ်ခြားစောင့်တပ်နှင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို ဆန့်ကျင်ပါက မတရား အသင်း ကြေညာခံရပြီး ဥပဒေပြင်ပရောက်သွားမည်ဟု အပစ်ရပ် ၀’ နှင့် မုံးလားတပ်ဖွဲ့တို့အား နအဖစစ်တပ်က ဖိအားပေး ပြောကြားလိုက်ကြောင်း အပစ်ရပ် ၄ ဖွဲ့ပါဝင်သည့် PDF တပ်ပေါင်းစုဝင်တဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

နအဖ စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် တြိဂံတိုင်းမှူး ဗိုလ်ချုပ်ကျော်ဖြိုးတို့က ၀’ ပြည်သွေးညီညွတ်ရေးပါတီ (UWSA) နှင့် မုံးလား(NDAA - ESS) အဖွဲ့တို့အား ယခုလ ၂၀ ရက်နေ့တွင် သျှမ်းပြည်နယ်၊ တန့်ယန်းနှင့် ကျိုင်းတုံမြို့များ၌ သီးခြားစီတွေ့ဆုံစဉ် ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

၎င်းတို့ ၂ ဖွဲ့အနေဖြင့် ငြိမ်းချမ်းရေးရလိုပါက နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် (သို့မဟုတ်) လက်နက်ချရန် ပြောဆိုခဲ့ပြီး၊ အကယ်၍ မလိုက်နာပါက ငြိမ်းချမ်းရေးမရဘဲ ဥပဒေပြင်ပ အဖွဲ့အစည်းများ ဖြစ်သွားမည်ဟု သတိပေး လိုက်ခြင်းဖြစ်သည်။

ထို့အပြင် စက်တင်ဘာလနောက်ပိုင်း ရွေးကောက်ပွဲဆိုင်ရာ အဖွဲ့အစည်းများကို ၀’ နှင့် မိုင်းလား နယ်မြေများ အတွင်း စေလွှတ်မည် ဖြစ်ပြီး အဆိုပါအဖွဲ့များကို ၎င်းတို့အနေဖြင့် ပူးပေါင်းကူညီရန်နှင့် ဆန့်ကျင်ပါက ဥပဒေအရ အရေးယူမည် ဟုလည်း ယခုလို ဖိအားပေး ပြောဆိုခဲ့သည်။

“စက်တင်ဘာလနောက်ပိုင်းမှာ ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ အဖွဲ့တွေကို ၀’ နဲ့ မိုင်းလားနယ်မြေထဲလွှတ်မယ်။ ဒီအဖွဲ့ တွေကို ကြိုဆိုဖို့၊ အသိအမှတ်ပြုဖို့၊ ပူးပေါင်းကူညီဖို့နဲ့ လုံခြုံရေးတာဝန်ယူဖို့ပေါ့။ တနိုင်ငံလုံးနဲ့ ဆိုင်တဲ့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်ကိုဆန့်ကျင်ရင် ဥပဒေနဲ့ အရေးယူမယ်” ဟု ဖိအားပေးခံနေရသည့် လက်နက်ကိုင် အဖွဲ့စည်းတခုမှ အဖွဲ့ဝင်တဦးက ပြောသည်။

သူက “နယ်ခြားစောင့်ကိစ္စကတော့ ငြိမ်းချမ်းရေးဖြစ်ဖို့ လက်နက်ကိုင် တပ်တွေအတွက် ရွေးချယ်ဖို့အနေနဲ့ ၂ လမ်းပဲရှိတယ်။ တခုက ဘော်ဒါဂတ်လုပ်မလား။ နောက်တခုက လက်နက်ချမလားပေါ့။ ဒီနှစ်ခုမလုပ်ရင်တော့ မတရားအသင်း ဥပဒေပြင်ပ အဖွဲ့အစည်းဖြစ်မယ်” ဟု ဆိုသည်။

ယခုလို စစ်အစိုးရ၏ ဖိအားပေး ပြောဆိုလာမှုအပေါ် UWSA နှင့် NDAA-ESS နှစ်ဖွဲ့အတွင်း ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နေပြီး ယမန်နေ့ (၂၄.၈.၂၀၁၀) သက်ဆိုင်ရာ အာဏာပိုင်များကို ပြန်လည် အကြောင်းကြားမည် ဖြစ်ကြောင်း သိရသည်။

ငြိမ်းချမ်းရေး ယူထားသော ၀’ နှင့် မုံးလားအဖွဲ့တို့သည်  နအဖ၏ နယ်ခြားစောင့်တပ်ဖွဲ့အသွင်ပြောင်းရေး အဆိုကို ယနေ့အထိငြင်းဆန်ထားသည့်အပြင် လာမည့်ရွေးကောက်ပွဲနှင့် ပတ်သက်၍လည်း ၎င်းတို့ နယ်မြေအတွင်း နိုင်ငံရေး ပါတီများ၏ လှုပ်ရှားမှု မရှိကြောင်း သိရသည်။

နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် ငြင်းဆန်နေသည့် အပစ်ရပ်အဖွဲ့များကို မတရားအသင်း ကြေညာမည်ဟု ယခင်ကလည်း နအဖက အကြိမ်ကြိမ်သတိပေးခဲ့သေးသည်။

ယခုနှစ် မတ်လဆန်းပိုင်း ဒု-ဗိုလ်ချုပ်ကြီးရဲမြင့်မှ တရုတ်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနသို့ ရေးသားပေးပို့သောစာတွင် နယ်ခြားစောင့်တပ်လက်မခံပါက တရုတ်နယ်စပ် အခြေစိုက် လက်နက်ကိုင်အဖွဲ့များအား မတရားအသင်း ကြေညာပြီး စစ်ရေးနည်းဖြင့် ဖြေရှင်းမည် ဖြစ်ကြောင်း ပါရှိသည်။

၎င်းနောက် ဧပြီလဆန်းပိုင်းတွင် ကာကွယ်ရေးဝန်ကြီးဋ္ဌာန စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒု - ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် တရုတ်ပြည် ချိန်တူးစစ်ဒေသမှူးထံ သွားရောက် တွေ့ဆုံစဉ်ကလည်း ထိုသို့ပြောခဲ့ကြောင်း သိရသည်။

နအဖက ရွေးကောက်ပွဲအာရုံစိုက်နေချိန်တွင် အပစ်ရပ်များအား စစ်ရေးနည်းဖြင့်ဖြေရှင်းရန် အလားအလာ မရှိကြောင်း၊ အဆိုပါပြောကြားမှုသည် ခြိမ်းခြောက်မှုသာဖြစ်ကြောင်း၊ အပစ်ရပ်များက ၎င်း(နအဖ) အစီအစဉ်များ အတိုင်း လိုက်နာ လုပ်ဆောင်ပါက မှားမည်ဟု သူကသုံးသပ်ပြောဆိုသည်။

“ရွေးကောက်ပွဲကို ကိုယ့်ဒေသတွေအလိုက် လက်ခံခွင့်ပြုရင်တော့ အမှားကြီးမှားလိမ့်မယ်။ ရွေးကောက်ပွဲကျင်းပ ခွင့်ပေးလိုက်ရင် နောင်မှာဘော်ဒါဂတ်နဲ့ပတ်သက်ပြီး ပြောပိုင်ခွင့်မရှိတော့ဘူး။ အနိုင်ရ ကြံ့ဖွတ် (ပြည်ခိုင်ဖြိုး) အမတ်ပြောတာကိုပဲ အသိအမှတ်ပြုမယ်။ ခင်ဗျားတို့က တရားဥပဒေပြင်ပ အဖွဲ့အစည်းဖြစ်တယ်။ တိုက်မယ် ဆိုရင် နိုင်ငံတကာဘက်က ၀င်ရတာ အတော်ခက်သွားပြီ” ဟုဆိုသည်။

ရွေးကောက်ပွဲ ကာလတွင် ယာယီအစိုးရဖွဲ့ရန် နအဖစစ်အစိုးရ၀န်ကြီးနှင့် စစ်အရာရှိကြီးများ ရာထူး အပြောင်း အရွှေ့လုပ်ပြီး ယခုလဆန်းပိုင်းက လားရိုးမြို့အခြေစိုက် ရမခတိုင်းမှူး ဗိုလ်ချုပ်အောင်သန်းထွဋ်၏ စစ်ဆေးရေး ခရီးစဉ်တွင် ရွေးကောက်ပွဲအောင်နိုင်ရေးသည် အဓိကဖြစ်ကြောင်း၊ တပ်များဖြန့်ခွဲမထားဘဲ လိုအပ်သလို ထုတ်သုံးနိုင်ရန် စုဖွဲ့ထားရမည်ဟု ညွန်ကြားချက်များရှိနေသည့်အတွက် စစ်တပ်အနေဖြင့် ယခုကာလအတွင်း အပစ်ရပ်အဖွဲ့များသို့ စစ်ရေးမြှားဦးမလှည့်နိုင်ကြောင်း ဝေဖန်သုံးသပ်ပြောဆိုသည်။

ထို့အပြင် နအဖက ယခုရက်ပိုင်းအတွင်း ထုတ်ပြန်လိုက်သော ဥပဒေ ပုဒ်မ ၄၄၃ အရ နအဖစစ်တပ် ထိန်းချုပ် သော ဟိုပန်မြို့ကို ၀’ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ/တိုင်း မြို့တော်အဖြစ် သတ်မှတ်လိုက်ခြင်းဖြစ်၏။ ရည်ရွယ် ချက်မှာ ၀တပ်ဖွဲ့အုပ်ချုပ်ရေးကို ပစ်ပယ်ခြင်းဖြစ်ကြောင်း သုံးသပ်ပြောဆိုကြသည်။

 

 

 

 

 

Myanmar Newsမြန်မာ့သတင်း