BNI Online

Thursday, Sep 02nd

Last update09:03:38 PM GMT

ENGLISH VERSION
You are here ဆောင်းပါး ကန္တရဝတီ ကြေးကွင်းပတ်ကယန်းတွေရဲ့ ရေရှည်က ဘယ်မှာလဲ

ကြေးကွင်းပတ်ကယန်းတွေရဲ့ ရေရှည်က ဘယ်မှာလဲ


ကရင်နီဒုက္ခ္ခသည် အမှတ် (၁) စခန်းနဲ့ မလှမ်းမကမ်း မယ်ဟောင်ဆောင်ခရိုင် နန်းဆွယ်ကျေးရွာအနီးမှာရှိတဲ့ ကယန်းသာယာ ကျေးရွာကလေးတရွာရှိပါတယ်။ အဲဒီ ကျေးရွာမှာ အများအားဖြင့် ကယန်းလည်ပင်းရှည် လို့ခေါ်ပြီး လူသိများခဲ့တဲ့ ကရင်နီမျိုးနွယ်စု တစုဖြစ်တဲ့ ကြေးကွင်းပတ် ကယန်းလူမျိုးတွေနေထိုင်နေကြပါတယ်။

အရင်တနှစ် နှစ်နှစ်ကလိုပဲ သူတို့နိုင်ငံခြားသားတွေလာရင် ရောင်းနိုင်ဖို့ ပဒေါင်မပုံတွေ၊ အထည်တွေ၊ လည်ပဝါတွေ၊ လွယ်အိတ်တွေ နဲ့ တခြားသော စိတ်ဝင်စားစရာ အရုပ်တွေ တင်ရောင်းနေစဲပါ။ ဒါပေမယ့် ဆိုင်တိုင်းလိုလိုမှာ အမြဲစောင့်နေတဲ့ ဆိုင်ရှင်တွေ မရှိတော့ပါဘူး။

သူတို့ကျေးရွာကို ဝင်လာတာနဲ့ တိတ်ဆိတ်တဲ့ ညနေခင်းလိုပဲ လူတွေလည်း တယောက်နှစ်ယောက်လောက်ပဲ လမ်းပေါ်မှာ တွေ့ရပါတော့တယ်။ အရင်တုန်းကဆိုရင် ကယန်းသာယာကျေးရွာကို ဝင်လိုက်တာနဲ့ နိုင်ငံခြားသားတွေ ပြည့်နက်နေတာတွေ့ရပါတယ်။ ခုရာသီ လောက်ဆိုရင် နိုင်ငံခြားသားတွေနဲ့ပြည့်နေပြီးတော့ လမ်းလျှောက် လို့တောင် တိုး၊ တိုက်မိခဲ့ကြပါသေးတယ်။ ဒါပေမယ့် အခုအချိန်မှာကျတော့ နိုင်ငံခြားသားတွေ လာတာနည်းလာတယ်လို့ သူတို့ပြောနေကြတဲ့ကြားပဲ တယောက်မှကို မတွေ့တော့ပါဘူး။

သူတို့တွေဟာ တတိယနိုင်ငံသွားချင်တဲ့သူရှိသလို မသွားချင်တဲ့သူတွေလည်းရှိနေပါတယ်။ မသွားချင်တဲ့သူတွေက ပဒေါင်ကုန်း ခေါ် ကယန်းသာယာကျေးရွာမှာပဲ နေထိုင် သွားမယ်လို့ ဆိုပါတယ်။ ဆက်လက်နေမယ်လို့ဆိုပေမယ့် သူတို့ရဲ့ ယဉ်ကျေးမှုတွေ တစတစစီ ပြောင်းလဲလာနေတာကို သတိပြုမိပါတယ်။ နောက်တခုက ထိုင်းနိုင်ငံရေး မတည်မငြိမ်ဖြစ်လို့ နိုင်ငံခြားသား ခရီးသွားဧည့်သည်အလာနည်း တဲ့အတွက် ဆက်လက်နေမယ်ဆိုရင် သူတို့တွေရဲ့ ထောက်ပံ့ကြေး ရှေ့ရေးက စိုးရိမ်စရာကြီး ဖြစ်နေတာဖြစ်ပြီး ရေရှည်တည်တံ့မှုမရှိသေးတဲ့ အခြေအနေမှာရှိနေတယ်လို့ ပြောဆိုသံတွေကြားနေရပါတယ်။

သူတို့တွေဟာ တခြားလူမျိုး၊ မျိုးနွယ်စုများထက်ထူးခြားပါတယ်။ ဘာကြောင့်လဲဆိုတော့ ကယန်းအမျိုးသမီးတွေဟာ သူတို့ရဲ့လည်ပင်းမှာ ကြေးကွင်းကို ပတ်ထားသလို လက်တွေ၊ ခြေထောက်တွေမှာလည်း ကြေးကွင်းကို ပတ်ထားကြပါတယ်။

ဒါကြောင့် ဒီကယန်းလူမျိုးတွေက နိုင်ငံခြားသားတွေကို အဓိက စွဲဆောင်တဲ့၊ စိတ်ဝင်စားမှုရတဲ့လူမျိုးဖြစ်တဲ့အတွက်  နိုင်ငံခြားသားတွေ ဝင်ရောက်လာနိုင်အောင် ထိုင်း အစိုးရက စီးပွားရေးလုပ်ငန်းတခုအဖြစ်အဓိက ထားပြစားနေပါတယ်။

သို့သော် ထိုင်းနိုင်ငံရေးအခြေအနေမတည်ငြိမ်လို့ ဒီနှစ် နိုင်ငံခြားသား ၁၂.၇ သန်းပဲ ခရီးသွားဧည့်သည်တွေက ထိုင်းနိုင်ငံကို အလည်လာကြပါတယ်။ ပြီးခဲ့တဲ့ ၂ဝဝ၇ ခုနှစ် မှာဆိုရင် ၁၄.၇ သန်းလာရောက်ကြရာကနေ ၁၂.၇ သန်းလျော့ကျသွားတာ ဖြစ်တယ်လို့ ထိုင်းနိုင်ငံမှ အကြံပေးအရာရှိ အကြီးအကဲတယောက်ဖြစ်တဲ့ Anake Srishevachart ကပြောပါတယ်။

ဘာကြောင့်နိုင်ငံခြားသားတွေ မလာကြတော့တာလဲ၊ ဆိုတာနဲ့ပတ်သက်ပြီးတော့ ဒေသခံ ကယန်း အမျိုသားတယောက်ကတော့ “နိုင်ငံရေး မတည်ငြိမ်တဲ့ တိုင်းပြည်တခု ကို ဘယ်သူတွေက သွားချင်မလဲ” ထိုင်းနိုင်ငံ မတည်ငြိမ်မငြိမ်ဖြစ်တဲ့အတွက်ကြောင့် မလာချင်ကြတော့တာလို့ ပြောသွားတာပါ။

နောက်ပြီးတော့ တတိယနိုင်ငံမသွားပဲနဲ့ ပဒေါင်ကုန်း ခေါ် ကယန်းသာယာကျေးရွာမှာပဲ နေထိုင်သွားမယ် ဆိုတဲ့ ဦးလဒူကတော့ “နိုင်ငံခြားသားတွေ အလားနည်းတာက တော့ ကြက်တုတ်ကွေးရောဂါစဖြစ်တဲ့အချိန်မှာ၊ နောက်တော့ အိမ်ရှင်နိုင်ငံ ထိုင်းနိုင်ငံပေါ့ အနီနဲ့ အဝါ ဆန္ဒပြနေကြတဲ့အတွက် နိုင်ငံခြားသားတွေလည်း အလာနည်းတာ ပေါ့” လို့ ပြောပါတယ်။

မယ်ဟောင်ဆောင်ခရိုင်မှာ ကြေးကွင်းပတ်ကယန်းလူမျိုး ရွာ ၃ သုံးရွာရှိပါတယ်။ ဟွေပူကဲ၊ ဟွေစူထောက်နဲ့ ကယန်းသာယာကျေးရွာတွေပဲ ဖြစ်ပါတယ်။ ကယန်း ကြေးကွင်းပတ်ထားတဲ့ ရွာသုံးရွာစလုံးပဲ နိုင်ငံခြားသားတွေက အလာနည်းခဲ့တာပါ။

နိုင်ငံခြားသားတွေ အလာနည်းပေမယ့် ဈေးဆိုင်ရောင်းနေတဲ့ ၈ နှစ်သားအရွယ် ဟွေပူးကဲကျေးရွာနေ ကလေးမလေးတယောက်ကို မေးကြည့်တော့ “ကျမကျောင်းမတက်ချင်ဘူး၊ ဈေးဆိုင်ရောင်းရတာနဲ့ စိတ်ကျေနပ်နေပါပြီ” လို့ပြောပါတယ်။

သူ့အမေအဖေတွေကတော့ သူ့ကို ကျောင်းထားဖို့တိုက်တွန်းခဲ့ပါသေးတယ်။ ဒါပေမယ့် သူက နိုင်ငံခြားသားတွေလာလို့ သူမအမေဆီက ရတဲ့အရုပ်ကလေးတွေ၊ အဝတ် အထည်တချို့ကို ထိုင်ရောင်းရတာနဲ့ ကျေနပ်နေတယ်လို့ ဆိုပါတယ်။

သူမနဲ့အတူ သူ့ညီမလေးတယောက်လည်း အလားတူပါပဲ၊ ဆိုင်ရောင်းရတာပျော်တယ်လို့ ပြောကြပါတယ်။ ဘေးပတ်ဝန်းကျင်က လူတွေတောင် ငယ်ရွယ်တဲ့ ကလေး ကျောင်းမထားတာ “နှမျှောစရာကောင်းတယ်” လို့ ပြောနေကြပါတယ်။ သူတို့မောင်နှမ ၂ ယောက်က သူတို့ရဲ့ရိုးရာဝတ်စုံလေးနဲ့ အမြဲဝတ်ဆင်ထားကြတဲ့ ကယန်း အမျိုးသမီးငယ်လေးတွေပါ။

အခုတလော ကယန်း မိန်းခလေးတွေက ရိုးရာဝတ်စုံလေးတွေနဲ့ အမြဲဝတ်ဆင်ထားတာ သိပ်မတွေ့လိုတော့ပါဘူး။ ထူးခြားတာကတော့ သူတို့ရဲ့ကြေးကွင်းတွေကို ဖြုတ်ထားကြတာ အတော်များများတွေ့ရပါတယ်။

ကယန်းသာယာကျေးရွာမှာ အနှစ် ၂ဝ လုံးလုံးလာရောက်နေထိုင်ခဲ့ပြီ ဖြစ်တဲ့ အသက် ၄ဝ အရွယ် အမျိုးသမီးတယောက်ကို မေးကြည့်ပါတယ်။ “အမျိုးသမီးငယ်တွေက သီချင်းဆိုနေတာ သိပ်မကြားတော့ဘူးနော်” သူမကတော့ “ အင်းပေါ့ အခုခေတ် သားသမီးတွေက ကျမတို့ခေတ်ကလို မဟုတ်တော့ပါဘူး။ ထိုင်းစတိုင်လ် တုနေကြပြီ။ ဂီတာတီးတတ်တဲ့လူဆိုလို့ ယောက်ျားလေး တယောက် ၂ ယောက်စပဲ ရှိတော့တယ်”

ကယန်းအမျိုးသမီးရော အမျိုးသားရောပါ ရိုးရာအစဉ်အလာအရ ဖန်တီးပြုလုပ်ထားတဲ့ ဂီတလေးတွေရှိပါတယ်။

အခုအခြေအနေနဲ့ ကြည့်မယ်ဆိုရင် သူတို့ကျေးရွာထဲကို နိုင်ငံခြားသားတွေ တရက်မှာ ၂ယောက်၊ ၄ယောက်စလောက်ပဲ လာတော့တယ်လို့ ဆိုပါတယ်။

ရိုးရာအစဉ်အလာအရ အမြဲဝတ်ဆင်ထားတဲ့ ကြေးကွင်းတွေကိုလည်း အမျိုးသမီးအတော်များများက ဖြုတ်လိုက်ကြပါပြီ။ ဘာကြောင့်လဲဆိုတော့ တတိယနိုင်ငံခေါ် ပြန်လည်အခြေချနေထိုင်ခြင်း အစီအစဉ်ပေါ်လာပြီးတဲ့နောက်ပိုင်းမှာ အများအပြားဖြုတ်လိုက်ကြတာပါ။ အတော်လေးကို ပြောင်းလဲသွားကြပါတယ်။

အတော်များများက ပြန်လည်အခြေချနေထိုင်ခြင်းအစီအစဉ်ကို စိတ်ဝင်စားနေကြလို့ နိုင်ငံခြားသားတွေမှ အလှူငွေလာထည့်ပေးပြီး ထောက်ပံ့ကြေးရတာကနေ မယူတော့ပဲ ဒုက္ခသည်စခန်းတွေဆီ သွားရောက်နေထိုင်ခဲ့ကြပါတယ်။

တတိယနိုင်ငံကို အများအားဖြင့် ပြောသံကြားနေရတာ သူတို့ကလေးတွေရဲ့ ရှေ့ဆက်ပညာရေးကို ရည်စူးပြီးတော့ သွားချင်ကြတာဖြစ်တယ်။

“တတိယနိုင်ငံကို သွားချင်ရတဲ့အကြောင်းအရင်းက အဓိက ကျနော်တို့ သားသမီးတွေရဲ့ ရှေ့ရေးအတွက်ပါ” လို့ ပြန်လည် အခြေချနေထိုင်ခြင်း အစီအစဉ်ကို စိတ်ဝင်စား ပြီး စခန်းထဲမှာ သွားရောက်နေထိုင်သွားပြီးတဲ့ ကယန်း ကြေးကွင်းပတ် မိသားစုတစုက ပြောပါတယ်။

ကယန်းသာယာကျေးရွာမှာဆိုရင် အခု အိမ်ခြေအနည်းပဲ ကျန်ပါတော့တယ်။ တတိယနိုင်ငံသွားချင်လို့ ဒုက္ခသည်စခန်း ဖက်ဆီကို ပြောင်းသွားကုန်ပါပြီ။ ထောက်ပံ့ကြေး ပုံမှန်မရတော့လို့ ပြောင်းသွားသူတွေလည်း ပါချင်မှပါမယ် ပြောတော့ မပြောရဲကြဘူးလို့ ပြောပါတယ်။

အနှစ် ၂ဝ လုံးလုံး ဒီလို နိုင်ငံခြားသားတွေရဲ့ အလှူငွေထောက်ပံ့ပေးတာလေးနဲ့ ကျေနပ်နေခဲ့ကြရပေမယ့် ပြည့်စုံမှုဆိုတာ ကိုတော့ ကြုံချင်မှ ကြုံကြရပါလိမ့်မယ်။

“စစ်ပြေးဒုက္ခ္ခသည်ဘဝမှာ လိုချင်တဲ့ဆန္ဒအတိုင်းတော့ ဘယ်ရမလဲ၊ ဘယ်ပြည့်စုံနိုင်မလဲ။ အခက်အခဲအမျိုးမျိုးပေါ့” ၁၉၉ဝ ခုနှစ်ကနေ ဒုက္ခ္ခသည်စခန်းဆီကို ရောက်ရှိလာခဲ့တဲ့ ဦးလဒူ က ပြောတာပါ။

အခုလို နိုင်ငံတကာက စီးပွားရေးဆိုက်ကပ်မှုကြောင့် ဖြစ်စေ၊ ထိုင်းနိုင်ငံရဲ့ ပြည်တွင်းအခြေအနေ မကောင်းတာကြောင့် ဖြစ်စေ နိုင်ငံခြားသားတွေ အလာနည်းလို့ သူတို့ရဲ့ ဘဝရိုက်ခတ်သွားပုံကို ဦးလဒူကပဲ “စားဝတ်နေရေးအပိုင်းမှာ နည်းနည်းအခက်အခဲ ပိုဖြစ်လာတာပေါ့၊ ထောက်ပံ့ကြေးလည်း ပုံမှန်မရကြတော့ဘူးလေ” လို့ပြောပါတယ်။

ကလေးတွေကလည်း နိုင်ငံခြားတွေလာလို့ မှုန့်စားရတာ ကစားရတာ အရမ်းကိုပျော်ရွှင်ခဲ့ပါတယ်။ အရင်က ဘော်လီဘော ကွင်းလေးထဲမှာ ဘော်လီဘောဆော့ကြရင်းနဲ့ နိုင်ငံခြားသားတွေလာလို့ “ကျနော်အရမ်းကို ပျော်ခဲ့တယ်၊ မှုန့်တွေစားရလို့၊ အခုတော့ ခြောက်ကပ်နေတာ၊ ကလေးတွေလည်း တိတ်ဆိတ်နေတာပဲ” လို့ အရွယ်ရောက် လာပြီးဖြစ်တဲ့ ကယန်းသာယာကျေးရွာမှ ကျောင်းသား တယောက်ကပြောပါတယ်။

နိုင်ငံခြားသားတွေကြောင့် သူတို့ စားဝတ်နေရေးတဖက်တလှမ်းမှာ အထောက်အကူ ပြုပေးသလိုပဲ၊ သူတို့ရဲ့ သားသမီးတွေအတွက် ကျောင်းစရိတ်တွေမှာလည်း အတော်လေးကို အဆင်ပြေစေခဲ့တယ်လို့ ဆိုပါတယ်။

သို့သော်လည်း တတိယနိုင်ငံလည်းလျှောက်မထား၊ စခန်းထဲမှာ ဒုက္ခ္ခ္ခ္ခသည်တယောက်လို မနေချင်တဲ့ ကယန်း လူမျိုးအချို့ကတော့ ထောက်ပံ့မှု ပြည့်စုံမှုမရပဲနဲ့ ဒီ ကယန်းသာယာရွာမှာပဲ ဆက်လက်နေထိုင်သွားမယ်လို့ ပြောပါတယ်။

လာမယ့် ဇွန်လိုင်လ၊ သြဂုတ်လလောက်မှာဆိုရင် နိုင်ငံခြားသားတွေ အလာများပါလိမ့်မယ် လို့ ဆိုင်စောင့်နေတဲ့ ကယန်း အမျိုးသားတယောက်က ပြောပါတယ်။

“နှစ်တိုင်း ၇ လပိုင်း ၈ လုပိုင်းလောက်မှာ နိုင်ငံခြားသားတွေအလာများတယ်”

ကမ္ဘာ့စီးပွားရေး ကပ်ဆိုက်မှုဒဏ်ကြောင့်၊ ထိုင်းနိုင်ငံရေးအခြေအနေမတည်မငြိမ်မှုကြောင့် နိုင်ငံခြားသားတွေအလာနည်းနေတဲ့ ဒီထိုင်းနိုင်ငံကို ခရီးသွားဧည့်သည်တွေ အလာနည်းခဲ့တာပါ။ တကယ်လို့များ အခြေအနေပြန်ကောင်းလာခဲ့မယ်ဆိုရင် သူတို့ပြောသလိုပဲ လာမယ့် ၇လပိုင်း၊ ၈လပိုင်းမှာ နိုင်ငံခြားဧည့်သည်တွေ၊ ခရီးသွားဧည့်သည် တကယ်ပဲ အရင်တုန်းက အခြေအနေကောင်းသလိုပဲ အမြဲလိုလိုလာနေအုံးမလားဆိုတာကိုတော့ အတည်ပြုပြောဆိုလို့ မရသေးပါဘူး။ ဒါကြောင့်မိုးလို့ ကယန်းရွာမှာ ခုဆက်နေထိုင်နေသေးတဲ့ ကယန်းလူမျိုးတွေအနေနဲ့ကတော့ ဒုက္ခသည်စခန်းတွေဆီပြောင်းသွား ကုန်တော့မလား ဆက်လက်နေထိုင်ကြအုံးမလား ဆိုတာကိုတာ့ စောင့်ကြည့်ကြအုံးမှာဖြစ်ပါတယ်။


Myanmar Newsမြန်မာ့သတင်း