အဆိုပါ ထောက်ပံ့ပစ္စည်းများကို ယခုလ မတ်လ ၁၂-ရက်နေ့က စတင်ပြီး ၁၄ ရက်နေ့ထိ သုံးရက်တိုင်တိုင် အ၀ကျွန်းရှိ ရခိုင်ရွာများသို့ သွားရောက် ပေးအပ် လှူဒါန်းခဲ့ခြင်း ဖြစ်သည်။
အလှူပစ္စည်းများ သွားရောက်လှူဒါန်းရာတွင် ပါဝင်သည့် ဆရာတော်များမှာ သိမ်ကုတ္တရ စေတီကျောင်းမှ အရှင် ခေမာသာရ၊ မွန်းတောင် ဆရာတော် ဦးသုစိတ္တ၊ စိန်မြှောင်ကျောင်းမှ ဦးဓမ္မပါလနှင့် ဘေဘုံနီယာကျောင်းမှ ဦးရာဇ ဓမ္မ တို့ဖြစ်သည်။
အ၀ကျွန်းရှိ ရခိုင်လေဘေး ဒုက္ခသည်များကို တောင်တန်းဒေသရှိ သံဃာများ သွားရောက် အကူအညီပေး
အရှင် သုစိတ္တက “ဦးဇင်းတို့က ခဲပူပါရာ ရခိုင်ရွာကနေပြီး ပစ္စည်းများ စတင်လှူဒါန်းခြင်းကို နေ့လည် ၁၂ နာရီမှာ စတင်ပြီး အေးဒီရွာက တဆင့် တရွာပီး တရွာပေးအပ်ခဲ့တာ ဖြစ်ပါတယ်၊” ဟု ပြောသည်။
သံဃာတော်များ သွားရောက်လှူဒါန်းခဲ့သော ကျေးရွာများမှာ ခဲပူပါရာကျေးရွာ၊ ခြောက်ရာ တန်ရွာ၊ ပွန်ချေရွာ၊ ကွမ်းတောချောင်းရွာ၊ အုတ်တောင်၊ မြတ်လှရွာ၊ နှမချေ၊ ဘေတော်လီယာရွာ၊ ကြိမ်ခွတ်ချောင်းရွာ၊ ဘွေတော်လီ၊ ငှက်ချေကုန်း၊ ရွာသစ်ချေ၊ နော်ယာပါရာ၊ ဂန္ဓရွာ၊ အောင်မင်္ဂလာရွာ၊ သော့ကြာဖြူရွာ၊ ဗောဓိကုန်း၊ ဂန္ဓမာရွာ၊ ရောက်မချောင်းရွာနှင့် မဖြူချစ်ရွာစသည့် ရခိုင်ကျေးရွာများဖြစ်သည်။
သံဃာ့အဖွဲ့အား ဦးဆောင်သွားရောက်သူ ဖလံထောင်ရှိ သိမ်ကုတ္တရ စေတီကျောင်းမှ အရှင် ခေမာသာရက “အိမ်ထောင်စုတစုကို အိမ်မိုးသွပ်ပြား (၁၀) ချပ် ကျစီ ထောက်ပံ့ပေးခဲ့ပြီး အိမ်ထောင်စု၂၉ စုနှင့် ပျက်စီး သွားသည့် ဘုန်းတော်ကြီးကျောင်းများ ပြန်လည် တည်ဆောက်ရန် အတွက် သံဖြူအချပ်ပေါင်း ၄၇၀-ချပ်ကို ပေးအပ် လှူဒါန်းခဲ့ပါတယ်။” ဟု ပြောသည်။
အရှင် သုစိတ္တကလည်း “အခုလို ဦးဇင်းတို့ ကိုယ်တိုင်သွားရောက်လှူဒါန်းရတာက ဗုဒ္ဓဘာသာ အချင်းချင်း ဖြစ်တယ်၊ နောက်ပြီး အဆက်သွယ်မဲ့ပြီး ကူညီမဲ့သူတွေ ဖြစ်နေကြတဲ့ ရခိုင်လူမျိုးတွေကို ကိုယ်ချင်းစာပြီး သွားရောက် လှူဒါန်းတာဖြစ်ပါတယ်။ တဘက်ကလည်း တောင်တန်း ဒေသမှာရှိတဲ့ ရဟန်းသံဃာတော်များ ညီညွတ်မှုကို ပြသလိုတဲ့ အတွက် အခုလို သွားရောက်လှူဒါန်းရတာဖြစ်တယ်” ပြောသည်။
အဆိုပါ ထောက်ပံ့ ကူညီမှုကို စိန်မြောင်ကျောင်း ဆရာတော်ကြီး ဦးပါမောက္ခကို အမှုထားပြီး ဘင်္ဂလာဒေ့ခ်ျ နိုင်ငံ စစ်တကောင်း တောင်တန်းဒေသရှိ ကျေးရွာများမှ ရွာတရွာလျှင် တကာငွေ တထောင်စီ ကောက်ခံပြီး ရဟန်းတော်များ တခြား အလှူရှင်များ ထည့်ဝင်ငွေများအား စုပေါင်းပြီး သွားရောက် ထောက်ပံ့ လှူဒါန်းခြင်းဖြစ်သည်။
လှူဒါန်းငွေ စုစုပေါင်းမှာ တာကာငွေ ၂ သိန်းနီးပါးခန့် ရှိကြောင်း သိရှိရသည်။
အမေရိကန်နိုင်ငံတွင် နေထိုင်သူ ကိုနေလမှလည်း အဆိုပါ အ၀ကျွန်း လေဘေး ဒုက္ခသည်များကို ကူညီရန် အတွက် စိန်မြှောင်ဆရာတော်ကြီးထံ တာကာငွေ ၂၅၀၀၀ လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
ဘင်္ဂလားဒေ့ခ်ျနိုင်ငံတွင် လွန်ခဲ့သည့်နှစ် နှစ်ကုန်ပိုင်းက တိုက်ခတ်ခဲ့သည့် “ဆိုင်ဒါ” ဆိုင်ကလုန် မုန်တိုင်ကြောင်း အ၀ကျွန်းရှိ ရခိုင် မိသားစုများ၏ အိုးအိမ်များ၊ ဘုန်းတော်ကြီး ကျောင်းများ များစွာ ပျက်စီး ဆုံးရှုံး ခဲ့ရပြီး အဆိုပါ အိုးအိမ်ပြန်လည် တည်ဆောက်ရေး အတွက် ယခုတိုင် ကူညီ ထောက်ပံ့မှုများစွာ ဆက်လက် လိုအပ် နေကြောင်း သတင်း ရရှိသည်။