BNI Online

Saturday, Oct 25th

Last update09:01:09 PM GMT

ENGLISH VERSION | Myanmar Peace Monitor
You are here သတင်း မွန်အေဂျင်စီ ၂၀၁၃ ပညာသင်နှစ် မော်လမြိုင်စက်မှုအထက်တန်းကျောင်း ကျောင်းသားသစ်များအား ကျောင်းအပ်လက်ခံ

၂၀၁၃ ပညာသင်နှစ် မော်လမြိုင်စက်မှုအထက်တန်းကျောင်း ကျောင်းသားသစ်များအား ကျောင်းအပ်လက်ခံ

 မြန်မာနိုင်ငံ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန စက်မှုနှင့်သက်မွေးပညာဦးစီးဌာနအောက်ရှိ မွန်ပြည် နယ် မော်လမြိုင်မြို့မှ စက်မှုအထက်တန်းကျောင်းကို ဇွန်လပထမအပတ်မှစ၍ ဖွင့်လှစ်သင်ကြားသွား မည်ဖြစ်ကြောင်း သိရသည်။

စက်မှုအထက်တန်းကျောင်း တက်ရောက်လိုသော ကျောင်းသားများအား စက်မှုနှင့်အသက် မွေးပညာဦးစီးဌာနမှ ပညာသင်နှစ်မတိုင်မီ သီးသန့်လျှောက်လွှာခေါ်ယူပြီး အခြေခံပညာ အလယ်တန်း အောင်မြင်ပြီး အသက်(၁၇)နှစ်ရှိကျောင်းသား/သူအသစ်များကို ကျောင်းအပ် လက်ခံသွား မည်ဖြစ် သည်။

စက်မှုနှင့် သက်မွေးပညာဦးစီးဌာနရုံးချုပ်မှ အရာရှိဝန်ထမ်းတဦးက “စက်မှုဘာသာရပ်ကို ဝါသနာပါ သူတွေကိုခေါ်တာ။  ၁၀ တန်းတက် ပညာ ဆက်လက် မသင်နိုင်သူတွေ အတွက်တာလေ။  အခြေခံ အလယ်တန်း (အဋ္ဌမတန်း) အောင်ပြီးတာနဲ့ ဒီစက်မှုအထက်တန်း ကျောင်း တက်ခွင့်ပေးတာ” ဟု ပြောသည်။

၁၀ တန်းအား အမှတ်ကောင်းကောင်းဖြင့်အောင်မြင်သည့်  ကျောင်းသားများအနေဖြင့် စက်မှုသိပ္ပံ၊ စက်မှုတက္ကသိုလ်သို့ တက်ခွင့်ရှိသကဲ့သို့ စက်မှု အထက် တန်းကျောင်းမှတဆင့် အမှတ်ကောင်း ကောင်း (Star) ရသူများအတွက်လည်း စက်မှုတက္ကသိုလ် တက်ရောက်ခွင့်ရှိသည်ဟု သူက ပြောသည်။

ထို့အပြင် စက်မှုအထက်တန်းကျောင်း နောက်ဆုံးနှစ်စာမေးပွဲအောင်မြင်ပြီးနောက် အဆင့်မြင့် စက်မှုသိပ္ပံ (GTC)၊ နည်းပညာတက္ကသိုလ် သို့တက်ရန် အမှတ်မမီသည့်ကျောင်းသားများကို(Bio) အတွဲဖြင့် ၁၀ တန်းစာမေးပွဲကို ဆက်ဖြေဆိုခွင့်ပြုထားသည်။

“စက်မှုဘာသာရပ်နဲ့ပဲ အစိုးရနည်းပညာတက္ကသိုလ်မှာ ဘွဲ့ယူမယ်ဆိုရင် စက်မှုအထက်တန်း ကျောင်း မှတဆင့်တက်တာပိုကောင်းမယ်၊ စက်မှုဘာသာရပ်လည်းပိုကျွမ်းကျင်တယ်” ဟု ဖားအောက်ရွာမှ ကျောင်းသားမိဘတဦးက ပြောသည်။

ဆင်းရဲနွမ်းပါးမိဘများမှ ကျောင်းသားများကို အစိုးရထောက်ပံ့ကြေးခံစားနိုင်ခွင့်ရှိ၍ ပညာသင်ရာမှာ  မိဘများကုန်ကျစရိတ်သက်သာစေပြီး စက်မှု အထက်တန်းကျောင်းမှ အောင်မြင်ပြီးပါက သက်ဆိုင်ရာ အစိုးရဌာနများ၊ စက်မှုဆိုင်ရာ ကုမ္ပဏီများနှင့် ကိုယ်ပိုင်လုပ်ငန်းခွင်တွင် စက်မှုပညာဖြင့် အသက်မွေး ဝမ်းကျောင်းပြုနိုင်သည်ဟု ၎င်းက ပြောသည်။

စက်မှုအထက်တန်းကျောင်းတွင် ကျောင်းတက်ရန် (၂)နှစ်ကြာမည်ဖြစ်ပြီး အဆောက်အဦးနည်းပညာ၊ လျှပ်စစ်နည်းပညာ၊ အင်ဂျင်နည်းပညာ၊ အီလစ်တရောနစ်နည်းပညာ၊ အင်ဂျင်နီယာပညာ၊ ပုံဆွဲဘာ သာများအပြင် မြန်မာစာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ရူပ၊ ဓါတု၊ ဘာသာရပ်များကိုလည်း သင်ကြားပေးခဲ့သည်။

မွန်ပြည်နယ် မော်လမြိုင်မြို့နယ် ဖားအောက်ကျေးရွာတွင်ရှိသည့် အစိုးရစက်မှုအထက်တန်းကျောင်းကို မြန်မာ့ဆိုရှယ်လစ်ပါတီ အစိုးရလက်ထက်ကတည်းက စတင်ဖွင့်လှစ်ခဲ့ပြီး စက်မှုလက်မှုအထက်တန်း ကျောင်းများတွင် အထူးသဖြင့် ပြည်နယ်များတွင် တပြည်နယ်လျှင် တကျောင်းဖြင့်ဖွင့်လှစ်ခဲ့ကြသည်။

ယခင်က စက်မှုအထက်တန်းကျောင်းနှင့် စိုက်ပျိုးရေးအထက်တန်းကျောင်းများအပြင် စက်မှုသိပ္ပံနှင့် စိုက်ပျိုးရေးသိပ္ပံကျောင်းများ ကိုလည်း မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာန စက်မှုစိုက်ပျိုးအသက်မွေး ပညာဦးစီးဌာနအောက်တွင်ထားရှိပြီး စိုက်ပျိုးရေးအထက်တန်းကျောင်း၊ စိုက်ပျိုးရေးသိပ္ပံကျောင်း များနှင့်စိုက်ပျိုးရေးတက္ကသိုလ်ကို လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနတွင် ထားရှိသည်။ ထို့အတူ စက်မှုအထက်တန်းကျောင်း၊ စက်မှုသိပ္ပံ(နည်းပညာကောလိပ်)နှင့် နည်းပညာတက္ကသိုလ်များ ကိုလည်း ယခုအခါ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်တွင် ထားရှိသည်။

Myanmar Newsမြန်မာ့သတင်း