ထိုင်းနိုင်ငံသို့မဝင်ရောက်မီ ရွှေ့ပြောင်းအလုပ်သမား အများအပြားနေ ထိုင်ရာ တနင်္သသာရီတိုင်း ကော့သောင်းမြို့ရှိ တည်းခိုခန်းငါးခုကို ပိတ်ရန် စစ်တပ်မှ အမိန့်ပေးခဲ့သည်။
နအဖစစ်တပ်မှ ဗိုလ်မှူးနေလင်းအမိန့်ဖြင့် ဟင်္သာမြိုင်၊ ထွန်းသောက်၊ အကယ်ဒမီ၊ ရွှေကော့သောင်း နှင့် မြတ်မြ စသော တည်းခိုခန်းများ အပိတ်ခံခဲ့ရသည်။
''သူက တည်းခိုခန်းတွေကို အလည်လာတုန်းက ထိုင်းနိုင်ငံဝင်ဖို့ လူတွေ အဲဒီတည်း ခိုခန်းတွေမှာ တည်းနေကြတာကို သူသိသွားလို့ ပိတ်ပစ်ဖို့ အမိန့်ပေးခဲ့တာ'' ဟု တည်းခိုခန်းနှင့်နီးစပ်သူတစ်ယောက်က ပြောသည်။
''အောက်အကယ်ဒမီ'' အမည်ရှိ တည်းခိုခန်းကိုလည်း အစိုးရဝန်ထမ်းများ ငှားရမ်းရန် တိုက်ခန်းအဖြစ် ပြောင်းလဲရန်ကိုလည်း ၄င်းမှ အမိန့်ပေးခဲ့သည်။
ဒေသခံတစ်ဦး၏ ပြောပြချက်အရ ရွှေ့ပြောင်းအလုပ်သမား ၅၄ ဦး ၁၀ ဘီးကားထဲတွင် အသက်ရူကြပ်ပြီး သေဆုံးမှုဖြစ်ပွားသည့်နောက်ပိုင်းတွင် ကော့သောင်းမြို့ရှိ စစ်အာဏာ ပိုင်များက ထိုင်းနိုင်ငံအတွင်းသို့ဝင်ရောက်ရန် ကြိုးစားကြသော အလုပ်သမားများကို ထိထိရောက်ရောက် ဖမ်းဆီးနေခြင်း ဖြစ်သည်။
လွန်ခဲ့သော သြဂုတ်လ ၁၉ ရက်နေ့က ကော့သောင်းမြို့တွင် ရောက်ရှိနေကြသည့် ထိုင်းနိုင်ငံအတွင်းသို့အလုပ်ရှာရန် ကြိုးစားကြသော ရွှေ့ပြောင်းအလုပ်သမား တစ်ရာ ကျော်ကို စစ်အာဏာပိုင်များက ဖမ်းဆီးရန် လိုက်လံရှာနေခဲ့ကြသည်။
ထိုင်းနိုင်ငံသို့ဝင်ရောက်ရန် ကြိုးစားသူများသည် ရန်ကုန်မှ အထူးသင်္ဘောဖြင့် ထားဝယ်သို့ လာရောက်ကြပြီး ၄င်းမှတစ်ဆင့် ကော့သောင်းမြို့သို့ လာခဲ့ကြသည်။ ကော့သောင်းမြို့ရှိ တည်းခိုခန်းများ အပိတ်ခံရသည့်နောက်ပိုင်းတွင် ခရီးသည်များနှင့် ထိုင်းနိုင်သို့ဝင်ရောက်ကြသူများအတွက် တည်းခိုရန် နေရာအခက်အခဲ ဖြစ်ခဲ့ကြသည်။
နအဖစစ်တပ်မှ ဗိုလ်မှူးနေလင်းသည် ကလေးမြို့မှ ကော့သောင်းမြို့သို့ ပြောင်းလာ ပြီးနောက်ပိုင်းတွင် တည်းခိုခန်းများပိတ်ရန် အကြောင်းများ ဖြစ်ခဲ့သည်။ ၄င်း ရောက် မလာမီက ဟိုတယ်များဤကဲ့သို့ အပိတ်ခံရမှုမျိုး မရှိခဲ့ပါ။
