မွန်ပြည်နယ်အတွင်း လယ်ယာမြေတိုးချဲ့စိုက်ပျိုးရန်အတွက် အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်နိုင်ဝင်းက လယ်မြေ ဧက ၁၀ သိန်းပြည့်မီရန် လျာထားချက်စီမံကိန်း ရှိသည်ဟု မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထား ...
မွန်ပြည်နယ်အတွင်း လယ်ယာမြေတိုးချဲ့စိုက်ပျိုးရန်အတွက် အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်နိုင်ဝင်းက လယ်မြေ ဧက ၁၀ သိန်းပြည့်မီရန် လျာထားချက်စီမံကိန်း ရှိသည်ဟု မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားပါသည်။
မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း၊ မြေစာရင်းဌာနနှင့် ဆည်မြောင်းဌာနတို့အား ၎င်း၏ လျာထားချက်ပြည့်မီနိုင်ရန် ဝိုင်းဝန်းကြိုးပမ်းဖို့အတွက် တိုင်းမှူးက မွန်ပြည်နယ်ပယခရုံးတွင် ပြောကြားခဲ့သည်။
လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာန၏ လက်ရှိထုတ်ပြန်ချက်အရ မွန်ပြည်နယ်တွင် လွန်ခဲ့သည့်နှစ်က လယ်ယာမြေ ဧက ၆ သိန်း ကျော်ရှိရာမှ ၂၀၀၈ ခုနှစ်တွင် ဧက ၇ သိန်းကျော်တိုးလာသည်ဟု မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း မန်နေဂျာဟောင်းတစ်ဦးက ပြောသည်။
"အဲဒီလောက် အရည်အတွက်ရဖို့က တော်တော်လေးကို မလွယ်ဘူး။ ဖြစ်လည်း မဖြစ်နိုင်ဘူး။ မိုးစပါးနဲ့ နွေစပါး စိုက်တဲ့ဧကပေါင်းတာတောင်မှ အဲဒီအရည်အတွက်ပြည့်ဖို့က တော်တော်လေးခက်တယ်။ စိုက်ဧကတိုးချဲ့ဖို့က မုဒုံနဲ့ ကျိုက်မရောမြို့နယ်မှာ မြေနည်းနည်းပဲရှိတယ်" ဟု ၎င်းမန်နေဂျာဟောင်းက ပြောသည်။
မွန်ပြည်နယ်တွင် စိုက်ဧက ခုနှစ်သိန်းသာရှိသော်လည်း ၂၀၀၇-၂၀၀၈ ခုနှစ်အတွက် မုဒုံမြို့နယ်တွင် တင်း ၆ သိန်း၊ သံဖြူဇရပ်မြို့နယ် တင်း ၂ သိန်း၊ ချောင်းဆုံမြို့နယ် တင်း ၄ သိန်း၊ ကျိုက်မရောမြို့နယ်တွင် ၃ သိန်း၊ ရေးမြို့နယ်တွင် တင်း ၂ သိန်း စပါးအထွက်နှုန်းတိုးမြင့်လာအောင် လျာထား လျှက်ရှိသည်။
မွန်ပြည်နယ်တွင် အစိုးရ၏ ညွှန်ကြားချက်အရ နွေးစပါးနှင့် တစ်မိုးနှစ်သီးစိုက်ပျိုးရာတွင် အချိန်မီရိတ်သိမ်းနိုင်သည့် ရွှေဝါထွန်း၊ မနောသုခ၊ ရွှေဝါလေး၊ ရွှေတဆုပ် အစရှိသည့် စပါးမျိုးများကို စိုက်ပျိုးခိုင်းသည်ဟု ၄င်းမန်နေဂျာဟောင်းက ပြောသည်။ ၎င်းတို့ စိုက်ပျိုးခိုင်းသော အချို့မျိုးစပါးများမှာ တင်း ၁၀၀ ထွက်ရှိသည်ဟု လယ်သမားများက ပြောဆိုကြသည်။
သို့သော်လည်း ''မုဒုံမြို့နယ်အတွင်းမှာ အများဆုံးစိုက်တာက ကမာကြည်၊ ရွှေတဆုပ်၊ ကောက်ကြီးစပါးတွေပဲ၊ အခြားမျိုးစပါးတွေက သိပ်မစိုက်ဘူး၊ ဒီမျိုးတွေပဲ အထွက်နှုန်းကောင်းတယ်'' ဟု ရောင်းဒေါင်းမှ လယ်မြေပိုင်ရှင်တစ်ဦးက ပြောသည်။
ဒိုးမားလယ်သမားတစ်ဦးက ၎င်းလယ်၌ ယခင်နှစ်များတွင် တစ်ဧကလျှင် တင်းတစ်ရာနီးပါး ထွက်ရှိခဲ့ရာမှ စပါး အထွက်နှုန်း တစ်ဖြေးဖြေးလျော့နည်းလာခဲ့ပြီး ယခုအခါတွင် အများဆုံး တင်း ၇၀ ခန့်သာ ထွက်ရှိသည်ဟု ဒိုးမားရွာသားတစ်ဦးက ပြောသည်။ အကယ်၍ ဓာတ်မြေ သြဇာကိုသာ မသုံးစွဲပါက တစ်ဧကအထွက်နှုန်းမှာ သိသိသာသာ လျော့နည်းလာသည်။
"မြေဆီလွာက အခုတဖြည်းဖြည်းနဲ့ ပျက်ဆီးလာနေတယ်။ တကယ်လို့ ဓာတ်မြေသြဇာ မ ထည့်နိုင်ဘူးဆိုရင် စပါးနည်းနည်းပဲထွက်တယ်" ဟု ၎င်းရွာသားက ပြောသည်။
လယ်ယာမြေတိုးချဲ့စိုက်ပျိုးရန်အတွက်သာမက တစ်နှစ်သုံးကြိမ်စိုက်ပျိုးမှုနှင့် တစ်မိုးနှစ်သီးစိုက်ပျိုးရန်အတွက်ပါ ခရိုင်စိုက်ပျိုးရေးဌာနမှ ညွှန်ကြားထားသည်။
မြန်မာစစ်အစိုးရသည် လွန်ခဲ့သည့် ၁၉၉၃ ခုနှစ်မှစ၍ တစ်မိုးနှစ်သီးစိုက်ပျိုးရန် မူဝါဒတစ်ရပ်အနေဖြင့် ချမှတ်ထားသည်။
မြန်မာနိုင်ငံတွင် မိုးစပါးစိုက်ဧက ၁၆.၄၃၄ သန်း၊ နွေးစပါးစိုက်ဧက ၃.၄ သန်း စုစုပေါင်းစိုက်ပျိုး မြေဧက ၁၉ သန်းကျော်ရှိသည်။
မွန်ပြည်နယ်တွင် နယ်စပ်ဒေသ ထိုင်းနိုင်ငံနှင့် ဆက်စပ်လျှက်ရှိပြီး ကုန်သွယ်ရေးလုပ်ငန်း၊ ခရီးသွားလုပ်ငန်းနှင့် စက်မှုလုပ်ငန်းများအပြင် စိုက်ပျိုးရေးကဏ္ဍတို့တွင်လည်း အားထားရသည့် ပြည်နယ်တစ်ခုဖြစ်သည်။
