မွန်ပြည်နယ် မော်လမြိုင်မြို့နယ်ရှိ ကော့နှတ်ကျေးရွာတွင် လွန်ခဲ့သော ၀ါခေါင်လကွယ်ည၌ ဖောက်ထွင်းရေးအဖွဲ့တစ်ဖွဲ့သည် ဒီဘင်္ဂရာတန်ဆောင်းရှိ ပန်းပုရုပ်ထုများဖြင့် ထုလုပ်ထား သော ရှေးဟောင်းဇာတ်တော် ကားချပ်များကို ၀င်ရောက်ခိုးယူရန် ကြိုးစားခဲ့ ...
မွန်ပြည်နယ် မော်လမြိုင်မြို့နယ်ရှိ ကော့နှတ်ကျေးရွာတွင် လွန်ခဲ့သော ၀ါခေါင်လကွယ်ည၌ ဖောက်ထွင်းရေးအဖွဲ့တစ်ဖွဲ့သည် ဒီဘင်္ဂရာတန်ဆောင်းရှိ ပန်းပုရုပ်ထုများဖြင့် ထုလုပ်ထား သော ရှေးဟောင်းဇာတ်တော် ကားချပ်များကို ၀င်ရောက်ခိုးယူရန် ကြိုးစားခဲ့သည်ဟု ရွာခံတစ် ဦးက ပြောသည်။
ဖောက်ထွင်းရေးအဖွဲ့သည် ၀ါခေါင်လကွယ်နေ့ ညသန်းခေါင် ၁၂ နာရီအချိန်တွင် မော်တော် ကားဖြင့် ရောက်လာကြပြီး ၄င်းတို့သည် ဒီဘင်္ဂရာတန်ဆောင်းအပြင်ဘက်ရှိ သံတိုင်များကို သံဖြတ်သော ကတ်ကြေးဖြင့် ညှပ်ဖြတ်လိုက်ပြီး ၀တ်အတွင်းသို့ ၀င်ရောက်ခဲ့ခြင်းဖြစ်သည်။
ရွာခံတစ်ဦး၏ ပြောပြချက်အရ ကားချပ်များကို ဖြုတ်ယူနေချိန်တွင် ဘုန်းကြီးကျောင်းအတွင်း လုံခြုံရေးတာဝန်ယူထားသော ကိုထွန်းက အသံကြားမိ၍ သံသယဖြစ်သောကြောင့် သွား ရောက်ကြည့်ရာတွင် ထိုလူများမှာ ကိုထွန်းကိုမြင်မိ၍ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြသည်ဟု ဆိုသည်။
၎င်းတို့လူအုပ်စုမှာ စုစုပေါင်း (၇) ဦးဖြစ်ပြီး ထိုကဲ့သို့ ထွက်ပြေးတိမ်းရှောင်သွားရာတွင် သံချောင်းများကိုဖြတ်ရာ၌ အသုံးပြုခဲ့သော ကတ်ကြေးကို ယူဆောင်မသွားနိုင်ပဲ ထိုနေရာတွင် ပင်ချန်ရစ်ခဲ့ကြရသည်။ ထိုကဲ့သို့ အချိန်မီတွေ့ရှိခဲ့သောကြောင့် ၀တ်အတွင်း သံတိုင်များ ပျက် ဆီးသွားသည်မှအပ မည်သည့်ပစ္စည်းမှ ပျောက်ဆုံးခဲ့ခြင်းမရှိပေ။
ယင်းကဲ့သို့ပင် လွန်ခဲ့သော ၁၀ နှစ်ကျော် ကာလအတွင်း၌လည်း ထိုဒီဘင်္ဂရာတန်ဆောင်းတွင် ဇနက္ကဇာတ်တော်ကားချပ် အခိုးခံခဲ့ရသည့်အပြင် ဆင်စွယ်ဝတ်အတွင်း၌လည်း ဆင်စွယ်တော် များစွာ ပျောက်ဆုံးခဲ့ဖူးသည်။ ထိုကဲ့သို့ အကြိမ်ကြိမ်ပျောက်ဆုံးနေမှုကြောင့် ကျန်ရှိနေသော ရှေးဟောင်းလက်ရာ ဗုဒ္ဓဆင်းတုတော်များနှင့် ပေစာများကို မော်လမြိုင်မြို့ပေါ်ရှိ မွန်ယဉ်ကျေးမှု ပြတိုက်သို့ ပြောင်းရွှေ့ထားခဲ့ရသည်။
ရွာခံများ၏ သုံးသပ်ချက်အရ ယခုအကြိမ်ဝင်ရောက်ဖောက်ထွင်းခဲ့သော အဖွဲ့သည် ယခင်က လာရောက်ဖောက်ထွင်းခဲ့သော အဖွဲ့နှင့် ဆက်စပ်မှု ရှိသည်ဟု ဆိုသည်။
ထိုကဲ့သို့ ဖြစ်ပျက်ခဲ့ပြီးနောက်ပိုင်းတွင် ဘုန်းကြီးကျောင်းဝင်းအတွင်း၌ ယခင်က လုံခြုံရေး ကင်းသမား တစ်ဦးတည်းထားရှိခဲ့ရာမှ ယခုအခါ သုံးဦးသို့ ထပ်မံတိုးချဲ့ထားခဲ့သည်ဟု ၄င်းရွာ ခံက ပြောသည်။
ကော့နှတ်ကျေးရွာရှိ စေတီဘုရားများနှင့် ရှေးဟောင်းမွန်လက်ရာ ၀တ်တန်ဆောင်းများ သည် မွန်တိုင်းရင်းသား သူဌေးကြီး ဦးနာအောက် တည်ထားကိုးကွယ်ခဲ့ခြင်း ဖြစ်သည်။ ကော့နှတ်ကျေးရွာသည် ရှေးဟောင်းအနုပညာလက်ရာများနှင့် ကျော်ကြားခဲ့သောကြောင့် ယနေ့ထိတိုင် ဘုရားဖူးဧည့်သည်များ လာရောက်ဖူးမျှော်လျှက်ရှိသည်။
