ယနေ့မွန်ပြည်နယ် ရေးမြို့နယ်တွင် လိုင်စင်လုပ်ပေးနေသော ကုန်လမ်းပို့ဆောင်ရေးညွှန်ကြား မှုဦးစီးဌာန (ကညန) မှ အဖွဲ့ဝင်များသည် သတ်မှတ်နေ့ကျော်လွန်၍ လိုင်စင်လာလုပ် သူများထံမှ သတ်မှတ်နှုန်းထက် ဆိုင်ကယ်တစ်စီးကို ငွေကျပ် တစ်သိန်းနှစ်သောင်း တောင်းယူ ...
ယနေ့မွန်ပြည်နယ် ရေးမြို့နယ်တွင် လိုင်စင်လုပ်ပေးနေသော ကုန်လမ်းပို့ဆောင်ရေးညွှန်ကြား မှုဦးစီးဌာန (ကညန) မှ အဖွဲ့ဝင်များသည် သတ်မှတ်နေ့ကျော်လွန်၍ လိုင်စင်လာလုပ် သူများထံမှ သတ်မှတ်နှုန်းထက် ဆိုင်ကယ်တစ်စီးကို ငွေကျပ် တစ်သိန်းနှစ်သောင်း တောင်းယူခဲ့သည်။
ကညနမှ ရေးမြို့ပေါ်ရှိ လိုင်စင်မဲ့ဆိုင်ကယ်များကို လိုင်စင်ထုတ်ပေးရာတွင် ၅ ရက်အတွင်းတွင် သတ်မှတ်ထားသော်လည်း လိုင်စင်မလုပ်ရသေးသည့် ဆိုင်ကယ်များစွာ ကျန်သေး၍ လိုင်စင် ထုတ်ပေးရက် နှစ်ရက်ထပ်တိုးထားပေးခဲ့သည်။
သို့သော်ထပ်တိုးပေးသည့် ရက်များ၌ လာလုပ်သော ဆိုင်ကယ်များကို သတ်မှတ်ထားသည့် တစ်သိန်းရှစ်သောင်းကျပ် မှ သုံးသိန်းကျပ်အထိ တိုးကောက်ခဲ့သည်ဟု လိုင်စင်လုပ်သူများက ပြောပြသည်။
“ကညနလူကြီးပြောတာကတော့ ဒဏ်ရိုက်တဲ့သဘောလို့ပြောတယ်။ ဒါပေမယ့်တချို့လူတွေ ဝေဖန်တာကတော့ ဒါလုပ်စားတာပဲ၊ ကျမတို့က မပေးချင်ပေမယ့်လဲ လိုင်စင်လိုချင်တာကိုး၊ မတတ်နိုင်လို့ပေးလိုက်ရတာပဲ” ဟု မနေ့က လိုင်စင်သွားလုပ်သော ဇနီးမောင်နှံတို့က ပြောပြသည်။
သတ်မှတ်ရက်မှာ လွန်ခဲ့သော နှစ်ရက်နေ့ကတည်းက ကုန်ဆုံးသွားသော်လည်း ဆိုင်ကယ်မြောက်များစွာ ကျန်ရှိနေသေး၍ လိုင်စင်လုပ်သူများ၏ တောင်းဆိုမှုနှင့် ကညန အဖွဲ့ဝင်များမှ နှစ်ရက်ထပ်တိုးခဲ့သည်ဟု ဆိုသည်။
ကညနမှ တနေ့လျင် မော်တော်ဆိုင်ကယ်ပေါင်း ၃၅၀ စီး လက်ခံလိုင်စင်ထုတ်ပေးခဲ့သည်။ ၂၀၀၅ နှင့်အောက် မော်ဒန်များကို တစ်စီးလျင် တစ်သိန်းရှစ်သောင်း ကျပ်ပေးရပြီး ၂၀၀၆၊ ၂၀၀၇ မော်ဒန်များကိုမူ တစ်သိန်းရှစ်သောင်း အထက်တွင် လိုသလို လိုင်စင်ကြေး ကောက်ယူခဲ့သည်။
မော်တော်ဆိုင်ကယ်လိုင်စင်လာရောက်လုပ်သူများမှာ သောင်းချီရှိပြီး ကညနမှ ၆ ရက်ခန့်သာ လိုင်စင်ပြုလုပ်ပေးသောကြောင့် ထိုရက်အတွင်း ၎င်းတို့၏ဆိုင်ကယ် လိုင်စင်ရရှိရန်အတွက် တုံကင်တစ်နေရာလျှင် ငါး သောင်းကျပ်ဖြင့် ဝယ်ယူကြရသည်။ ထိုကဲ့သို့ တုံကင်နေရာမရပါက အချိန်တော်တော်ကြာသည်အထိ စောင့်ကြရပြီး ၎င်းတို့လိုင်စင်ထုတ်ပေးသည့်ရက် ကျော်လွန်သွားပါက လိုင်စင်မရရှိမည်ကိုလည်း ပူပန်ရသည်ဟု ရေးမြို့ခံတစ်ဦးက ပြောသည်။
မြန်မာစစ်အစိုးရက အိမ်နီးချင်းနိုင်ငံများထံတွင် တရားမဝင်တင်သွင်းခဲ့သော လိုင်စင်မဲ့ဆိုင်ကယ်များကို လွန်ခဲ့သော ဇူလိုင်လမှ လိုင်စင်စတင်ထုတ်ပေးခဲ့သည်။
တရားမဝင်ဆိုင်ကယ်များကို လွန်ခဲ့သောနှစ် ၂၀၀၄ ခုနှစ်တွင်လည်း လိုင်စင် ထုတ်ပေးခဲ့သည်။ သာမန်ပြည်သူများအတွက် လိုင်စင်များကို စစ်အစိုးရမှ လေးနှစ်တကြိမ်းထုတ်ပေးနေတာမျိုးရှိသော်လည်း ကညနအဖွဲ့ဝင် များနှင့် စစ်တပ်မှအရာရှိများအတွက် လိုင်စင်များကို အချိန်မရွေး ထုတ်ပေးနေခဲ့သည်။
ပြီးခဲ့သော အချိန်များမှ လိုင်စင်များထုတ်ပေးရာတွင် အစိုးရဓါတ်ဆီ ဝယ်ယူနိုင်ရေး ကဒ်ပြားကို တခါတည်း ထုတ်ပေးသော်လည်း ယခုအခါတွင် ဓါတ်ဆီဝယ်ယူရေး ကဒ်ပြားကို သီးခြားလုပ်ရသည်ဟု ဆိုသည်။
အလားတူမော်လမြိုင်မြို့ပေါ်တွင်လည်း လိုင်စင်မလုပ်ပေးရသေးသော ဆိုင်ကယ်မြောက်များစွာ ရှိသော်လည်း ကညန အဖွဲ့ဝင်များက ပြီးခဲ့သော သြဂုတ်လတွင် ရပ်ပစ်ခဲ့သည်။ ကျန်ရှိနေသေးသော ဆိုင်ကယ်ပိုင်ရှင်များက အကြပ်အတည်းတွေ့နေပြီး ကညနရုံးကို မေးမြန်းရာတွင် နောက်တစ်ကြိမ်ထပ်လုပ်ပေးမည်ဟု ပြန်ပြောခဲ့သည်။
