မင်းတော်လဝီ – နိုင်ငံတော်အရန်ဆန်ထားရှိရေးကြီးကြပ်မှုကော်မတီမှ နိုင်ငံတော်အရန်ဆန်အတွက် စပါးဝယ်ယူမည့် အစီအစဉ်ကို မွန်ပြည်နယ် ဆန်စပါးအသင်းမှ ဝယ်ယူနေသော်လည်း လယ်သမားများ မရောင်းချပေးနိုင်ပဲ ဖြစ်နေသည်။

“အရန်ဆန်ဝယ်ယူအဖွဲ့ကဝယ်တဲ့ဈေးကဒေသပေါက်ဈေးအောက်ကိုနိမ့်နေတော့မရောင်းနိုင်ဘူး၊ ကုန်သည် တွေဆီကဈေးပိုရနေလို့ကုန်သည်တွေကိုပဲရောင်းမှာ” ဟု မုဒုံမြို့နယ် ကွမ်တာရွာကလယ်သမား တဦးကပြောသည်။
ဧည့်မထအမျိုးစားထဲမှ ရွှေဝါထွန်း၊ ကျော်ဇေယျ၊ မနောသုခ အစရှိသည့် စပါးတို့က တင်းတရာလျှင် ၃သိန်း ရှစ်သောင်းနှင့် ၄သိန်းကြား ဈေးရှိနေပြီး၊ ကောက်ကြီး၊ ပေါ်ဆန်မွှေးစပါးက တင်းတရာလျှင် ၆ သိန်းဖြင့် ဈေးပေါက်နေသည်။
မွန်ပြည်နယ်အတွင်း စပါးဈေး ထိုကဲ့သို့ရှိနေချိန်တွင် အရန်ဆန်ဝယ်ယူရေးအဖွဲ့က စပါးတင်းတရာလျှင် ၃ သိန်း ၃ သောင်းဈေးဖြင့် ဝယ်ယူနေသည့်အတွက် လယ်သမားများ မရောင်းချပေးနိုင်ပဲ ဖြစ်နေသည်။
တောင်သူလယ်သမားများထံမှ တိုက်ရိုက်ဝယ်ယူနိုင်ရေး စီစဉ်ကြပ်မတ်ဆောင်ရွက်မှုများ လုပ်ငန်းဆိုင်ရာသယ် ယူပို့ဆောင်ရေးနှင့် သိုလှောင်ထားရှိရေး အရည်အသွေးနှင့် အလေးချိန်စနစ်တကျထားရှိရေးနှင့် ဘဏ္ဍာငွေများ သုံးစွဲရေးကိစ္စအားလုံးကို စီစဉ်ဆောင်ရွက်ထားရှိပြီးဖြစ်၍ လယ်သမားများဘက်က ရောင်းချပေးမည်ဆိုလျှင် ဝယ်ယူရန်အသင့် ရှိနေသည်ဟု မွန်ပြည်နယ်ဆန်စပါး ဝယ်ယူရေးအဖွဲ့မှ ဦးတင်မြင့်ဦးက ပြောသည်။
“မြို့နယ်စပါးဝယ်ယူရေးအဖွဲ့ကို ဇန်နာဝရီလအတွင်းက အဖွဲ့ဝင် ရ ဦးနဲ့ဖွဲ့စည်းခဲ့တယ်၊ မွန်ပြည်နယ် ၁၀ မြို့နယ်လုံးကို ဖွဲ့စည်းထားပြီးပေမယ့်လည်း လယ်သမားကြိုက်ေ ဈးကိုလိုက်မပေးနိုင်လို့ စပါးဝယ်လို့မရသေး ဘူး” ဟု ဦးတင်မြင့်ဦးက ပြောသည်။
၎င်းပြင် လယ်သမားများအချင်းချင်းများကြား စပါး ဝယ်လှောင်ထားခြင်း၊ ကုန်သည်များဝယ်ယူကြိတ်ခွဲခြင်းနှင့် ဝယ်ချိန် နောက်ကျခြင်းကြောင့်လည်း အရန်ဆန်ဝယ်ယူရရှိမှု အခက်အခဲဖြစ်စေသည်ဟု မုဒုံမြို့နယ် အရန်ဆန်ဝယ်ယူရေး အဖွဲ့ဝင်တဦးက ပြောသည်။
နိုင်ငံတော်အရန်ဆန်အစီအစဉ်ကို နိုင်ငံတော်၊ ဗဟိုသမဝါယမအသင်း မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်း တို့က ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိကြောင်း တောင်သူများထံမှ တိုက်ရိုက်ဝယ်ယူခြင်း ဖြစ်ပြီး ၄၆ ပေါင်ကိုက် ပြည့်မီပါကစပါးတင်း ၁၀၀ ကို ကျပ်ငွေ ၃၃၀၀၀၀ နှုန်းဖြင့် ဝယ်ယူလျှက်ရှိသည်ဟု ဖေဖေါ်ဝရီလ ၁၁ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။
နိုင်ငံတော်အရန်ဆန်ဝယ်ယူရန်အတွက် မွန်ပြည်နယ် ဆန်စပါးလုပ်ငန်းအသင်းအစည်းအဝေးကို ၂၀၁၂ ဖေဖေါ်ဝါရီ ၁၅ ရက်နေ့တွင် မွန်ပြည်နယ်အရန်ဆန်ကြီးကြပ်ရေးအဖွဲ့နှင့် မွန်ပြည်နယ်ဆန်စပါးအသင်းတို့ အရန်ဆန်ဝယ်ယူရေးကိစ္စများ ညှိနိုင်းရေး အစည်းအဝေးတရပ်ကို မော်လမြိုင်မြို့တွင် ပြုလုပ်ခဲ့သည်ဟု ဦးတင်မြင့်ဦးက ပြောသည်။
