BNI Online

Wednesday, Jun 19th

Last update11:05:28 PM GMT

ENGLISH VERSION
You are here သတင်း ခိုနူမ်းထုန် ZNC အမည်ဖြင့်သာ ပါတီတည်ထောင်ခွင့်ပြန်လျှောက်

ZNC အမည်ဖြင့်သာ ပါတီတည်ထောင်ခွင့်ပြန်လျှောက်

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မီရှင်မှ မြန်မာနိုင်ငံတွင် ဇိုမီးလူမျိုးများမရှိဟုဆိုကာ ဇိုမီးအမျိုးသား ကွန်ကရက် (ZNC) ပါတီအမည်ဖြင့် ပါတီတည်ထောင်ခွင့်လျှောက် ထားချက်ကို ပယ်ချခဲ့ပြီး အခြား သော အမည်နာမ တခုခုဖြင့် ပြန်လည် လျှောက်ထားရန် အကြောင်းကြား ထားသော်လည်း ယနေ့တွင် ZNC အမည်ဖြင့်သာ ပါတီတည်ထောင်ခွင့်ပြုရန် ပြန်လည် လျှောက်ထားလိုက်သည်ဟုသိရသည်။

ပူးကျင့်ရှင်းထန် ဦးဆောင်သော ZNC ပါတီသည် ပြီးခဲ့သော မတ်လ ၈ ရက်နေ့က နိုင်ငံရေး ပါတီတည်ထောင် ခွင့်ကို ရွေး ကောက်ပွဲကော်မီရှင်ထံ လျှောက်ထားခဲ့သော်လည်း ရွေးကောက်ပွဲ ကော်မီရှင်က မြန်မာနိုင်ငံ လူဝင် မှုကြီးကြပ်ရေး နှင့်  ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပြုစုထားသော လူမျိုး ၁၃၅ မျိုး နှင့်အသစ်ပြန် လည် ပြုစု ထားသည့် လူမျိုး ၁၀၁ မျိုးထဲတွင်  ဇိုးမီးလူမျိုး မပါဝင် သောကြောင့်ဟုဆိုကာ တခြားနာမည်ဖြင့် မေလ ၃၁ ရက်နေ့မတိုင်ခင် ပြန်လည်လျှောက်ထားရန် မေလ ဆန်းပိုင်းက အကြောင်းကြာခဲ့ပြီးနောက် ယခုကဲ့သို့ နဂိုပါတီအမည်ဖြင့်သာ ပြန် လည်လျှောက် ထားလိုက်ကြခြင်းဖြစ်သည်။

ZNC ပါတီခေါင်းဆောင်များသည် ပါတီအမည်ပြောင်းသင့်မပြောင်းသင့်ကိစ္စနှင့် ပတ်သက်ပြီး ရန်ကုန်မြို့တွင် ၂ ပတ်ကြာ အစည်းဝေးပြုလုပ်ခဲ့ကြသည့်အပြင် ပြည်ပရောက် ဇိုမီးလူမျိုးများကိုလည်း ယင်းကိစ္စနှင့် ပတ်သက်ပြီး အကြံတောင်းခံမှု များပြုလုပ်ခဲ့ပြီးနောက် နဂိုပါတီ ဇိုမီးအမျိုးသား ကွန်ကရက်အနေဖြင့် သာ ပြန်လည်လျှောက်ထား ခဲ့ခြင်းဖြစ်သည်။

ZNC ပါတီဥက္ကဌ ပူးကျင့်ရှင်းထန်းက “ သမ္မတကြီး ဧပြီလ ၁ ရက်နေ့မှာ ပြောတဲ့မိန့်ခွန်း All Inclusive ဆိုတဲ့ ကျနော်တို့ လုပ်နေတာက တိုင်းရင်း သားတွေအား လုံးပါဝင်နိုင်ဖို့ဆိုတဲ့အထဲမှာ ကျနော်တို့ လည်း တိုင်းရင်း သားထဲမှာ ပါပါတယ်ဆို တာမျိုး၊ နောက်ပြီးတော့ အခြေခံဥပဒေမှာလည်း သေချာပြဌာန်းထားတာ တွေရှိတယ်၊ ဒါတွေကိုကြည့်ပြီးတော့ ပြန်လည် စဉ်းစားပေးပါ အာဏာ ရှင် ခေတ်တုန်း ကလည်း ကျနော်တို့ကို လက်ခံထား ပြီးသားပါ၊ အခု အင်မတန်မှ နူးညံ့သိမ်မွေ့တဲ့ အချိန် ဒီမိုကရေစီ တည် ထောင်တော့မယ့် ပြည်ထောင် စုမြန်မာနိုင်ငံကို အားလုံး All Inclusive ဆိုပြီး တည်ထောင်မယ့် အချိန်မှာ ခုမှ မရှိဘူးဆို တာဟာ ကျနော်တို့မှာ အများကြီးအံအားသင့်တယ်ဆိုတဲ့ ဟာမျိုးကိုတင်ပြီး တော့ ကျနော်တို့ပို့ တာပါ’’ ဟုပြောသည်။

မြန်မာနိုင်ငံတွင် ဇိုမီးလူမျိုးများ တည်ရှိခြင်းသည် စာရေးဆရာ ဦးသိန်းဖေမြင့်၏ ၀ိသေသတိုင်း သမိုင်း အစ ဆိုသော စာမှာ ၎င်း၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၊ ပြည်ထောင်စု မြန်မာနိုင်ငံ တိုင်းရင်းသား ယဉ်ကျေးမှု ရိုးရာဓလေ့ ထုံးစံများ ဆိုသော  မှတ်တမ်းတွင်၎င်း၊ ဒေါ်အောင်ဆန်းစုကြည် ရေးသားထား တဲ့ ကြောက် ရွံ့ခြင်းမှကင်းလွတ်ရေး ( Freedom from Fear) မှာ သော်၎င်း မော်ကွန်းထိုးထား ကြ ကြောင်း  ရွေးကောက်ပွဲ ကော်မီရှင်ထံ ပူးတွဲပေးပို့ခဲ့သည်။

တချိန်တည်းတွင် သြစတေလျား နှင့် မလေးရှားရှားနိုင်ငံကို ရောက်ရှိနေကြသော ဇိုမီးလူမျိုးများ ကလည်း ရွေးကောက်ပွဲ ကော်မီရှင်မှ ဇိုမီးလူမျိုးမရှိဟု ပြောဆိုခဲ့သည့်အပေါ် ကန့်ကွက်သည့်အနေဖြင့် သက်ဆိုင်ရာနိုင်ငံ မြန်မာသံရုံးရှေ့များတွင် ယနေ့ နံနက်ပိုင်းက ဆန္ဒပြခဲ့ကြသည်။

သြစတေးလျားနိုင်ငံ ကင်ဘာရာမြို့ မြန်မာသံရုံးရှေ့တွင် ပြုလုပ်သော ဆန္ဒပြပွဲတွင် ဇိုမီးလူမျိုး ၆၀ ကျော်က မြန်မာနိုင်ငံ တွင် ဇိုမီးလူမျိုးတည်ရှိကြောင်း သက်သေပြခဲ့သည်ဟု ဆန္ဒပြပွဲ ဦးဆောင်သူ ပူးဇိုးခိုင်က ပြောသည်။

အလားတူ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ မြန်မာသံရုံးရှေ့တွင်လည်း ဇိုမီးလူမျိုး ၁၅၀ ကျော်က ဆန္ဒပြခဲ့ကြသည်။

Myanmar Newsမြန်မာ့သတင်း